ယင်းမာပင်၊ ဩဂုတ် ၁၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမကနေ နှစ်ရှည်ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေအတွက် လက်ယက်ရေတွင်း ၁ တွင်းတူးပြီး ရေသန့်စက် ၁ ခု ထောက်ပံ့မှုရရှိခဲ့တယ်လို့ စစ်ရှောင်စခန်းကို ဦးစီးကူညီပေးနေသူဆီက သိရပါတယ်။
၄ နှစ်ကျော်ကြာစစ်ရှောင်နေကြတဲ့ ဘန့်ဘွေးရွာဒေသခံတွေ နေထိုင်နေကြတဲ့ စစ်ရှောင်စခန်းတခုမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် – BPLA နဲ့ ပြည်သူ့ဂုဏ်ရည်ပရဟိအဖွဲ့တို့က ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ဇွန်လဒုတိယပတ်အတွင်းမှာ အကောင်အထည်ဖော်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တန်ဖိုးငွေကျပ် ၁၀ သိန်းကျော်ရှိ Bio Sand Filter အမျိုးအစား ၃ လုံး လှူခဲ့ပြီး လက်ရေတွင်းတူးဖို့အတွက်ကတော့ စုစုပေါင်းငွေကျပ်သိန်း ၇၀ လောက်ကုန်ကျကာ လူအားနဲ့တူးတာကြောင့် ၁၅ ရက်လောက်ကြာခဲ့ပြီး အခက်အခဲတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
“စက်နဲ့ကျတော့ အောက် ကျောက်ဖြာနဲ့ကျတော့ ရေကို မလွယ်မှာစိုးလို့မို့၊ စက်ကျတော့ ကျောက်ဖြာမဖောက်နိုင်ဘူးဆိုရင် အောက်မလိုက်တော့ဘူးလေ၊ မလိုက်တော့ ရေကမအောင်မြင်ဘူးလေ၊ အဲ့တော့ မအောင်မြင်လို့မို့ ခဲရာခဲဆစ် လက်တွင်းပဲတူးမယ်၊ ကိုယ်ပြုပြင်လို့လည်း လွယ်တယ် ဆိုပြီးတော့ အဲဒါ လက်တွင်းတူးလိုက်တာ။” လို့ ရေတွင်းတူးချိန်ကြုံရဲ့အခြေအနေကို စစ်ရှောင်စခန်းကို ဦးစီးကူညီပေးနေသူ အမျိုးသားတဦးက ပြောပါတယ်။
အဆိုပါစစ်ရှောင်စခန်းမှာ ဘန့်ဘွေးရွာမက စစ်ရှောင်လူဦးရေ ၂၀၀ ဝန်းကျင်ရှိပြီး ယခင်က ရေတွင်း ၁ တွင်းနဲ့ပဲ အားလုံးသုံးစွဲရတဲ့အတွက် ရေသုံးစွဲမှုအခက်အခဲရှိပြီး သုံးရေနဲ့ချိုးရေအတွက်ကို မိုးရွာတဲ့အခါတင်ကျန်ခဲ့တဲ့ ကန်ရေကိုအသုံးပြုကြတယ်လို့ သူကဆက်ပြောပါတယ်။
စစ်ဘေးရှောင် အမျိုးသားတဦးကလည်း “အရင်တုန်းကတော့ ရေကို ဒီနား ကန်ရေတင်ရင်တော့ ကန်ရေသုံးတယ်ပေါ့နော်၊ ကန်ရေမတင်တဲ့အခါ ဒီဘက်ရေတွင်းလေးတွေသွားပြီး ဒီလိုသုံးကြရတာပါပဲ၊ ယာခင်းနဲ့ပြောမယ်ဆို နှစ်ခင်းလောက်ပေါ့နော်၊ ဒါပေမယ့် အဲ့ဒါက စစ်ရှောင်ကများတဲ့အခါကျတော့ တခါတလေကျလည်း ရေတောင် မချိုးဖြစ်ဘူး၊ ဘာလို့ဆို ဦးစားပေးရတာကို၊ တခါတလေကျလည်း ၃ ရက်နေမှ ၁ ခါချိုးလိုက်တာပဲ။” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ရှောင်စခန်းမှာ သောက်သုံးရေမသန့်တာကြောင့် ဝမ်းပျက်ဝမ်းလျှော၊ အရေပြားရောဂါ၊ ယားနာ၊ ဆီးအောင့်တာနဲ့ ဆီးကျောက်တည်တာတွေလည်းဖြစ်ခဲ့ကာ အရေပြားရောဂါတွေလည်း ဖြစ်ခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
“ရေမသန့်တဲ့အခါကျတော့ ဒီလို ဝမ်းလျှောဝမ်းပျက်လေးတွေတော့ ဖြစ်တတ်တာပေါ့နော်၊ ယားနာတို့၊ ဆီးအောင့်တာတို့၊ ဆီးကျောက်တို့ ကြောက်ရတာပေါ့၊ ဆီးကျောက်တွေပေါတယ်။”လို့ အထက်ပါ စစ်ဘေးရှောင် အမျိုးသားတဦးက ပြောပါတယ်။
အခု ထောက်ပံ့တဲ့ ရေတွင်းနဲ့ ရေသန့်စက်တပ်ဆင်အပြီးမှာတော့ အာလူးကျောက်နဲ့ သဲမြေက ထွက်တဲ့ရေကြောင့် သန့်တယ်လို့ယူဆရပြီး စိတ်သန့်သန့်နဲ့ အသုံးပြုရတဲ့အပြင် ကိုယ့်ရေတွင်းနဲ့ကိုယ် ဖြစ်သွားတာကြောင့် အဆင်ပြေသွားတယ်လို့ သူကဆက်ပြောပါတယ်။
“ဒီလို စစ်ရှောင်တွေပေါ့နော် ကိုယ့်ပြည်သူတွေကို ဒုက္ခရောက်နေတာကို ဒုက္ခကိုမှ တခုအနေနဲ့ ဖြည့်ဆည်းပေးတာကိုပေါ့ အလှူရှင်လည်းပဲ ကျေးဇူးတင်တယ်ပေါ့နော်၊ ဒီထက်မက လှူနိုင်ပါစေလို့လည်း ဆထက်တပိုး တိုးပြီးတော့ လှူနိုင်ပါစေပေါ့လေ၊ သက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီး လိုရာဆန္ဒပြည့်ပါစေလို့ ဆုတောင်းပေးတယ်ပေါ့နော်၊ စစ်ရှောင်တွေကိုယ်စားပေါ့။”လို့ သူက ဆိုပါတယ်။
အဆိုပါစစ်ရှောင်စခန်းက စစ်ဘေးရှောင်တွေဟာ ယခင်ကတောင်သူလုပ်ငန်းကိုသာ လုပ်ခဲ့ကြပြီး မြေယာတွေကို ပစ်ထားခဲ့ကြရတာကြောင့် စစ်ရှောင်စခန်းနဲ့ နီးစပ်တဲ့ရွာတွေကခေါ်တဲ့ အလုပ်တွေကိုသာ အငှါးလိုက်ရကာ အမြင့်ဆုံး နေ့စားခ ၁၀,၀၀၀ ကျပ်သာရရှိခဲ့ပြီး အခုကာလမှာတော့ အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ သိရပါတယ်။
“ကျနော်တို့က တောင်သူပစ်ထားခဲ့ရတာပေါ့နော်၊ ကျနော်တို့ ဒီဖက်မှာကျ နွားတွေသာ ပါလာတယ်။ ကိုယ့်မြေ ကိုယ့်ယာ မရှိဘူး၊ မရှိတဲ့အခါ ကျနော်တို့ ဒီမှာ ရွာနားပစ်ထားခဲ့ရတယ်၊ တောင်သူကျ လုပ်မစားရဘူး၊ ဒီဖက်ကျ သူများအငှါးအရမ်းခေါ်တာတွေ လိုက်စားရတယ်၊ ကိုယ်ပိုင် အလုပ်ရယ်လို့တော့ မရှိဘူး။”လို့ သူက ဆက်ပြောပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် – BPLA ဟာ ၂၀၂၂၊ ဒီဇင်ဘာလ ၂ ရက်ကစလို့ အရပ်သား ကာကွယ်ရေးအဖွဲ့ – The Space အမည်နဲ့ လိင်ပိုင်းဆိုင်ရာ အသိပညာပေးတာတွေ၊ ပညာရေး၊ သဘာဝဘေးအန္တရာယ်နဲ့ စစ်ဘေးရှောင်တွေအတွက် ကူညီထောက်ပံ့မှုတွေ လုပ်နေတယ်လို့ The Space အဖွဲ့ဝင်တဦးဆီက သိရပါတယ်။
ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမ၊ ဘန့်ဘွေးမြောက်ရွာ၊ ထန်းဇင်ရွာတို့က ဒေသခံအိမ်ထောင်စု ၇၀၀ ကျော်ဟာ ဘန့်ဘွေးရွာမမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ စခန်းချတပ်စွဲနေတဲ့ ၂၀၂၁ ခုနှစ်ကစလို့ နီးစပ်ရာကျေးရွာတွေကို ရှောင်တိမ်းကြတဲ့သူတွေလည်းရှိသလို စစ်ဘေးရှောင်စခန်း ၃ ခုမှာ အသီးသီးနေထိုင်ကြတာလည်း ဖြစ်ပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – M