ပေါက်၊ နိုဝင်ဘာ ၄၊ ၂၀၂၆။
မကွေးတိုင်း၊ ပေါက်မြို့နယ်က ကျေးရွာ ၃ ရွာ လေကြောင်းတိုက်ခိုက်ခံပြီး ပြည်သူ ၇ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရတယ်လို့ ပေါက်မြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၂ နာရီခန့်က ညောင်ဦးကနေ တက်လာတဲ့ စက်တပ်လေထီး ၃ စီး၊ Mi-35 တစီးတို့ဟာ ကျောက်ခွက်၊ အိုင်ကျယ်နဲ့ လယ်လန်းကျေးရွာတွေကို ဗုံး ၉ လုံးအပါအဝင် ရောကက်တွေနဲ့ ၄ ကြိမ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။


“အရင်ကင်းထောက်ပြီးမှ ကြဲတာ။ ပြည်သူ နေအိမ်ပေါ်ကျလို့ ပျက်စီးထိခိုက်သေဆုံးကြတာ။ တိုက်ပွဲတော့မရှိဘူး။ အဲနားတဝိုက်မှာ ကပစ ၂၂ ကထွက်လာတဲ့ စစ်ကြောင်းတွေတော့ ရှိနေတယ်။ ပုံတောင်ပုံညာဘက် တက်ဖို့ကြိုးစားနေကြတယ်”လို့ ပေါက်မြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ဗုံးကြဲခံရလို့ ကျောက်ခွက်ကျေးရွာက အသက် ၁၀ နှစ်အထက် မိန်းကလေးတဦးအပါအဝင် အသက် ၂၀ ကနေနေ ၄၀ ကြားအရွယ်ရှိ လှိုင်ဖြိုးဝင်း၊ မင်းဖုန်းပြည့်၊ လပြည့်မောင်၊ ကျော်ဇင်ဖြိုး၊ ဒေါ်စန်းတင်နဲ့ အိစန္ဒာလင်းတို့ သေဆုံးပြီး၊ အသက် ၇ နှစ်ကနေ ၇၀ အထိရှိ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၆ ဦးတို့ဒဏ်ရာရကာ စျေးဆိုင်နဲ့ နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် လယ်လန်းကျေးရွာမှာလည်း အလားတူ လေကြောင်းက ဗုံကြဲတိုက်ခိုက်ခံခဲ့ရလို့ အသက် ၉၀ အဘွားအို ၁ ဦးသေဆုံးပြီး၊ ကိုရင်ကြီး ၁ ပါးနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုသမီး ၅ ဦးတို့ ဒဏ်ရာရ ခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် လယ်လန်း၊ ကျောက်ခွက်၊ သီးကျောက်၊ အိုင်ကျယ်အပါအဝင် ကျေးရွာ ၇ ရွာက ပြည်သူ ၇၀၀၀ ကျော်ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။


ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့ကလည်း ပေါက်မြို့နယ်၊ ခွေးအတွင်းကျေးရွာမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။