myaelatt athan

Sharing Information to the Local

UFC 317 မှာ ဖလိုင်းဝိတ် အဆင့် ၁ နေရာက ဘရန်ဒန်ရိုဗာနဲ့ ထိုးသတ်ရမယ့် ဂျော့ရှုဝါဗန် (အားကစားသတင်း)

0
0

မြေလတ်အသံ၊ ဇွန် ၁၀၊ ၂၀၂၅။

ဇွန် ၂၈ ရက်မှာကျင်းပမယ့် UFC 317 မှာ ဘရန်ဒန်ရိုဗာနဲ့ ထိုးသတ်သွားမှာလို့ ဂျော့ရှုဝါဗန်က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြလာပါတယ်။

UFC 317 မှာ ဖလိုင်းဝိတ် အဆင့် ၁ နေရာက ဘရန်ဒန်ရိုဗာနဲ့ အဆင့် ၆ နေရာက မာနယ်ကပ်တို့ ထိုးသတ်ရမှာဖြစ်ပေမယ့် မာနယ်ကပ် ဒဏ်ရာကြောင့်နုတ်ထွက်သွားလို့ ဂျော့ရှုဝါဗန်က လူစားဝင် ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသား အသက် ၃၂ နှစ်အရွယ် ဘရန်ဒန်ရိုဗာက ဖလိုင်းဝိတ်ချန်ပီယံ အလက်ဇန်ဒရီ ပန်တိုဟာ နဲ့ UFC 296 မှာ ခါးပတ်လုခဲ့ဖူးပြီး အမှတ်နဲ့ရှုံးနိမ့်ထားကာ UFC မှာ ၁၀ ပွဲကစား ၇ ပွဲနိုင် ၃ ပွဲ ရှုံးနိမ့်ထားပါတယ်။

မြန်မာပြည်ဖွား ချင်းလူငယ်ဖိုက်တာ ဂျော့ရှုဝါဗန်ကတော့ ပြီးခဲ့တဲ့ ဇွန် ၇ ရက် UFC 316 မှာ ဖလိုင်းဝိတ် အဆင့် ၁၂ က ဘရူနိုဆေးလ်ဗားကို အလဲထိုးနဲ့ အနိုင်ရရှိခဲ့ပြီး ၄ ပွဲဆက် အနိုင်ရယူထားကာ UFC မှာ ၈ ပွဲကစား ၇ ပွဲနိုင် ၁ ပွဲရှုံး မှတ်တမ်းရရှိထားပါတယ်။

နောက်ဆုံး ၄ ပွဲဆက်တိုက် UFC Number Events ရှေ့ထွက်တွဲဆိုင်း(Prelims Card)တွေမှာပဲ ထိုးသတ်ခဲ့ရတဲ့ ဂျော့ရှုဝါဗန်အနေနဲ့ လာမယ် UFC 317 ပွဲစဉ်မှာတော့ ခေါင်တွဲဆိုင်း(Main Card)မှာ ပါဝင်ထိုးသတ်ခွင့်ရတော့မှာလည်း ဖြစ်ပါတယ်။

အရပ် ၅ ပေ ၉ လက်မရှိပြီး ဂျော့ရှုဝါဗန်ထက် အရပ် ၄ လက်မအသာ လက်တံအရှည် ၃ လက်မသာတဲ့ ဝါရင့်ဖိုက်တာ ဘရန်ဒန်ရိုဗာကို ပြိုင်ပွဲကျင်းပဖို့ ၁၈ ရက်အလိုမှ လူစားဝင်ကစားရတဲ့ဗန်အတွက် စိန်ခေါ်မှုကြီးမားနေပေမယ့် ဒီစိန်ခေါ်မှုကို ကျော်ဖြတ်နိုင်ခဲ့ရင် ချန်ပီယံခါးပတ်စိန်ခေါ်ဖို့ အခွင့်အရေးရရှိလာနိုင်မှာလည်း ဖြစ်ပါတယ်။

ဂျော့ရှုဝါဗန်အနေနဲ့ ၂၀၂၄ ဇူလိုင် ၁၃ ရက်က ချားလ်ဂျွန်ဆင်နဲ့ ထိုးသတ်ခဲ့တဲ့ပွဲကနေ အခုလာမယ့် ဘရန်ဒန်ရိုဗာနဲ့ ထိုးသတ်မယ့်ပွဲအထိဆိုရင် ၁ နှစ်အတွင်း ၆ ပွဲအထိ ထိုးသတ်ခဲ့တဲ့မှတ်တမ်းလည်း ရရှိသွားမှာဖြစ်ပြီး ပျမ်းမျှအားဖြင့် ၂ လ ၁ ပွဲနှုန်း ထိုးသတ်ခဲ့တာဖြစ်ပါတယ်။

UFC ဖလိုင်းဝိတ်တန်း (၁၁၅-၁၂၅ပေါင်) မှာ လက်ရှိအဆင့် ၁၄ နေရာက ဂျော့ရှုဝါဗန်အနေနဲ့ အဆင့် ၁၂ က ဘရူနိုဆေးလ်ဗားကို အလဲထိုးအနိုင်ယူထားခဲ့ပေမယ့် UFC အနေနဲ့ အဓိကပြိုင်ပွဲကြီးတွေအပြီး ၂ ပတ်အတွင်းမှသာ အဆင့်သတ်မှတ်ချက်အပြောင်းအလဲပြုလုပ်လေ့ရှိတာကြောင့် အဆင့်အပြောင်းအလဲပြုလုပ်ပြီးပါက ဗန်အနေနဲ့ လက်ရှိအဆင့်ကနေ အဆင့် ၁၀ လောက်ထိ ရောက်ရှိနိုင်မယ်လို့ ပရိသတ်တွေက ခန့်မှန်းနေကြတာလည်း ဖြစ်ပါတယ်။

UFC 317 ကို လာမယ့် ဇွန် ၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန် ဇွန် ၂၉ ရက် မနက်ပိုင်း) အမေရိကန်၊ နီးဗားဒါးပြည်နယ် လက်ဗီးဂက်စ်မြို့ T-Mobile Arena မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။