လက်နက်နဲ့ကျည်တွေလည်း PDF သိမ်းဆည်း
ပျော်ဘွယ်၊ ဇွန် ၂၈၊ ၂၀၂၅။
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းရဲစခန်းအနီးမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး အရာခံဗိုလ်အပါအဝင် ၄ ဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခဲ့တယ်လို့ အောင်ဆန်းမြေအဖွဲ့ဆီကနေ သိရပါတယ်။
ဇွန် ၂၆ ရက်မနက် ၈ နာရီဝန်းကျင်မှာ ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းရဲစခန်းအနီးမှာ လမ်းသွား၊ လမ်းလာပြည်သူတွေဆီကနေ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ကိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ရဲစခန်းရဲ့ လမ်းဘေးဝဲယာမှာကောက်နေကြတာဗျ။ စစ်**တွေ ဆက်ကြေးကောက်တာကို သတင်းကြိုထောက်ပြီး အသာစီးရနိုင်မယ့်အချိန် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ လက်ဦးမှုရရှိခဲ့လို့ ၃ မိနစ်နဲ့ အပြီးပွဲက(တိုက်ခိုက်) နိုင်ခဲ့တာ။” လို့ အောင်ဆန်းမြေအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။


တိုက်ခိုက်ချိန် အရာခံဗိုလ် ၁ ဦးနဲ့ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ပျူစောထီး ၁ ဦးနဲ့ ရဲ ၁ ဦးကတော့ လက်နက်တွေယူပြီးထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း MA -1 ၃ လက်၊ ၅.၅၆ ကျည် ၆၄ တောင့်၊ ဖုန်း ၂ လုံးနဲ့ ခရီးသွားပြည်သူတွေဆီကနေ ဆက်ကြေးကောက်ခံထားတဲ့ ငွေကျပ် ၁၈၀,၅၀၀ ကို သိမ်းဆည်းရရှိခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။
ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာဟာ ရဲစခန်းနဲ့ ၅ မိနစ်လောက်သွားရင်ရောက်တဲ့ အကွာအဝေးဖြစ်ပြီး တိုက်ခိုက်မှုအပြီး ၁ နာရီလောက်အကြာမှာ ရဲတွေထွက်လာပြီး အလောင်းတွေကို ကောက်ယူသွားတယ်လို့ ဆိုပါတယ်။
“ကျနော်တို့က ပြည်သူ့အားနဲ့ ရှေ့ဆက်နေရတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ Local PDFဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ယုံကြည်အားကိုးထောက်ခံမှု အပြည့်ဝလိုအပ်ပါတယ်။ ကျတော်တို့ ရဲဘော်တွေ အနေနဲ့လည်း ဒီထပ်ပိုကြိုးစားတော်လှန်သွားမယ်။”လို့ အထက်ပါ တာဝန်ရှိသူတဦးက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၈ ရက်မနက်ပိုင်းကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမှာ နမ့်စန်လေတပ်အတွက် လေယာဉ်ဆီသယ်ဆောင်လာတဲ့ ဆီဘောက်ဆာကား ၁ စီးနဲ့ စစ်သား ၂ ဦးကို Aung San’s Land Natmauk အဖွဲ့က ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း