ပဲခူး၊ ဇွန် ၂၅၊ ၂၀၂၅။
ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်တွေအတွင်းက ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့စခန်း ၉ခုကို တပြိုင်နက်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဆိုပါစခန်းတွေကို ဇွန် ၂၅ ရက် ဒီကနေ့မနက်အစောပိုင်းမှာ တပြိုင်နက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံး၊ ရဲအုပ် ၁ ဦးအပါ စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၁ ဦး သေဆုံး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

အဆိုပါစခန်း ၉ ခုအနက် ညောင်လေးပင်နဲ့ကျောက်တံခါးမြို့အကြား တော်ဝိကျေးရွာစစ်ကောင်စီတပ်စခန်းကို ဇွန် ၂၅ ရက်မနက် ၁ နာရီမှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မနက် ၂ နာရီမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပဲခူးရှေ့ခြမ်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ တော်ဝင်ဒေါင်းတပ်ရင်းက ပြောပါတယ်။
အင်အား ၅၀ ခန့်ရှိ တော်ဝိစစ်တပ်အထိုင်စခန်းကို ၁ နာရီအကြာတိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိကာ ကျန်စစ်ကောင်စီတပ်ဖွဲ့တွေဟာ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

“ သူတို့ကရွာထိပ်ဘုန်းကြီးကျောင်းကို အခြေပြုပြီးတော့ အထိုင်ချထားတာ၊ အဲဒီအထိုင်ချထားတဲ့နေရာတွေကို ကျနော်တို့ အဖွဲ့တွေခွဲပြီးရှင်းလင်းခဲ့တာဆိုတော့ သူတို့အခြေပြုနေထိုင်တဲ့နေရာတွေကိုအကုန်လုံး တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်၊ ပြီးတော့ ကျနော်တို့မီးရှို့ဖျက်ဆီးခဲ့တယ်၊ စုစုပေါင်း သေဆုံးတာက ၁၃ ဦး သူတို့ရဲ့ရုပ်အလောင်းတွေကိုလည်း အဲ့ဒီနားမှာပဲမီးရှို့ဖျက်ဆီးခဲ့တယ်” လို့ တော်ဝင်ဒေါင်းတပ်ရင်းသတင်းနဲ့ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် တော်ဝိစခန်းသိမ်းတိုက်ပွဲအတွင်း ရဲအုပ် ၁ ဦး၊ ရဲအရာခံဗိုလ် ၁ ဦးနဲ့ စစ်ကောင်စီတပ်သား ၁ ဦး ကို အရှင်ဖမ်းမိခဲ့ကာ ၎င်းစခန်းက MA3 ၁ လက်၊ MA 13 ၁ လက်၊ ၆ လုံးပြူးသေနတ် ၂ လက်၊ BA 63 (G3) ၃ လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်နဲ့ ကျည်မျိုးစုံအပါ စခန်းအားလုံးကနေ စုစုပေါင်း လက်နက်ကြီး၊ လက်နက်ငယ် ၁၆ လက် ခဲယမ်း၊ စစ်သုံးပစ္စည်းအများအပြားသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန(ပဲခူး)၊ ဗျူဟာ ၂၄ နဂါးနီစစ်ကြောင်း၊ အာဠာဝက တပ်ရင်း၊ အမှတ် ၃၅၀၃ တပ်ရင်း၊ ဖြူး(ပကဖ)၊ ဗျူဟာ ၂၅၊ အမှတ် ၃၇၀၂ တပ်ရင်း၊ Spring Warriors Column၊ KNLA တပ်ရင်း ၉၊ ဗျူဟာ ၂၆၊ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်းတွေက ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စာတည်း – ဟိန်းစံ