မြေလတ်အသံ၊ ဇွန် ၂၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာစခန်းသိမ်းတိုက်ပွဲမှာ တပ်စုမှူး ၁ ဦးကျဆုံးခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်-BLPA ဆီကသိရပါတယ်။
အဆိုပါတပ်စုမှူးဟာ ယင်းမာပင်ခရိုင်အမှတ် (၁၁) တပ်ရင်း၊ ကျားသစ်နက်တပ်မတော်-BLPA မှ အသက် ၂၄ နှစ်အရွယ် ကျော်ကြီး (ခ) ကျော်မျိုးသူဖြစ်ပြီး ဇွန် ၁၉ ရက်မှာ စနိုက်ဘာ ကျည်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

“ရန်သူ(စကစ)အား အလင်းဝင်ရောက်ရန်အော်ခေါ်နေစဉ် စနိုက်ဘာ(Sniper) နဲ့ပြန်ပစ်သွားခဲ့တာပါ။ ခေါင်းကို ထိမှန်ကျဆုံးခဲ့တာပါ”လို့ BLPA မှတာဝန်ရှိသူတဦးက ပြောပါတယ်။
တပ်စုမှူးကျော်ကြီးမှာ ဇနီးနဲ့ကလေးငယ်ကျန်ရှိခဲ့ကာ သူရဲ့အလောင်းကိုတော့ ဇွန် ၂၀ ရက်မနက် ၉ နာရီကျော်မှာ စျာပနအခမ်းအနားကိုပြုလုပ်ပြီး မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ အထက်ပါ တာဝန်ရှိသူက ဆိုပါတယ်။

အလားတူ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲမှာ ဖြတ်တောက်ရေးလုပ်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊ အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၄ တပ်ရင်းမှ တပ်ဖွဲ့ဝင် ထိုက်ကြီး (ခ) သန်းထိုက်အောင် ၂၅ နှစ်၊ ကျောင်းသားလေး (ခ) ချစ်ဇော်ဖြိုး ၁၈ နှစ်၊ ဂျိမ်းမောင် ၂၇ နှစ်တို့ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ကန်ဒေါင့်ကျေးရွာနယ်မြေရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၂ ရက်က စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၁၇ ရက်အကြာ ဇွန် ၁၉ ရက်မှာ အပြီးသိမ်းပိုက်ရရှိခဲ့တယ်လို့ PLA ကထုတ်ပြန်ပါတယ်။
စာတည်း – လင်း