စစ်ယာဥ်တန်းတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကာ ခဲယမ်းနဲ့ရိက္ခာတွေသိမ်းဆည်း

တောင်ငူ၊ ဇွန် ၂၀၊ ၂၀၂၅။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ထိုးဝါးချောင်းကျေးရွာအနီး တောင်ငူ-လိပ်သိုလမ်းမှာ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး သေဆုံးသူရှိကာ ကျည်မျိုးစုံနဲ့ရိက္ခာတွေလည်း သိမ်းဆည်းခဲ့တယ်လို့ ဇွန် ၂၀ ရက်မှာ တောင်ငူခရိုင် တပ်ရင်း ၃၅၀၂၊ တပ်ခွဲ ၁ က သတင်းထုတ်ပြန်လာပါတယ်။

ဇွန် ၁၇ ရက်မနက် ၇ နာရီခွဲမှာ လိပ်သိုကနေ တောင်ငူဘက်ကိုပြန်ဆင်းလာတဲ့ ကား ၅ စီး အင်အား ၈၀ ကျော်ပါယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၄၀ ခန့်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“တောင်ငူကနေ ကမ်းနီးချောင်းကနေတဆင့် လိပ်သို ထုံးဘိုကြီးကြောကို စစ်ကြောင်းဝင်နေတာ။ အဲ့စစ်ကြောင်းကို ချောင်းနေရာကနေ လိပ်သိုဘက်ကဆင်းလာတဲ့ ကားတန်းကိုတွေ့လို့ပစ်လိုက်ကြတာ။ “လို့ တောင်ငူခရိုင် တပ်ရင်း ၃၅၀၂ ပြန်ကြားရေးတာဝန်ခံ ကိုစွန်ရဲကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်းသေဆုံးတာကို မြေပြင်တပ်ဖွဲ့ဝင်ရဲ့တွေ့ရှိချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကျန်ရစ်ခဲ့တဲ့ ၆၀ မမ ၅ လုံး၊ ကျည်မျိုးစုံ ၉၀၀၊ M14 မိုင်း ၄ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ စကားပြောစက် ၂ လုံး၊ ကျည်ဘောက် ၄ ခု၊ ဖုန်း ၁ လုံး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအသုံးပြုမယ့် ရိက္ခာအချို့နဲ့ မြေသယ်ကား ၁ စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့တပ်ရင်း (၃၅၀၂) တပ်ခွဲ(၁)၊ တပ်ခွဲ (၂) ၊ KNU တပ်မဟာ(၂)၊ တပ်ရင်း(၅) လက်အောက်ခံ ကမ်းနီကြားဒေသကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇွန် ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာလည်း တောင်ငူဘက်ကနေ အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိုးဝါးချောင်း၊ ဆိတ်ကုန်းနဲ့ ထုံးဘိုကြီးကျေးရွာတွေအနီး တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ ကိုစွန်ရဲကပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဆိတ်ကုန်း၊ ထုံးဘိုကြီး၊ ထိုးဝါးချောင်းကျေးရွာတွေက ဒေသခံ ၃,၅၀၀ ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတာ တပတ်ကျော်ရှိနေပြီး စစ်ကြောင်းကလည်း အဲ့ဒီကျေးရွာတွေအနီးမှာ ဇွန် ၂၀ ရက် ဒီနေ့အထိ လှည့်ပတ်သွားလာနေသေးတာကြောင့် ဒေသခံတွေမှာ နေရပ်မပြန်ရသေးဘူးလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။