11 July 2026 2:22 AM

ရဲတပ်သားနဲ့ ပျူစောထီးတူမ မင်္ဂလာဆောင်ဗုံးကြဲခံရလို့ ၃ ဦးသေ

0 2
0 2

စစ်ကိုင်း၊ ဇန်နဝါရီ ၂၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ပျူစောထီးခေါင်းဆောင်ရဲ့တူမနဲ့ ရဲတပ်သားတဦးတို့ မင်္ဂလာဆောင်နေတာကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဘက်က ၃ ဦးသေဆုံးသွားတယ်လို့ ပါဝင်တဲ့ Snake Eye PDF အဖွဲ့ဆီက သိရပါတယ်။

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ မင်္ဂလာပွဲပြုလုပ်နေချိန် ဇန်နဝါရီလ ၂၄ ရက်မနက် ၉ နာရီလောက်မှာ ဒရုန်းနဲ့ ဗုံး ၂ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“ရဲတယောက်နဲ့ဇီးဖြူကုန်းရွာက ပျူစောထီးခေါင်းဆောင်မောင်စန်းတူမ မင်္ဂလာဆောင်တာ အသံချဲ့စက်မပါဘူး၊ တိတ်တိတ်ပုန်းလုပ်နေတာ၊ ကျနော်တို့က မနက်ကတည်းကစောင့်ကြည့်ပြီးမှ ကြဲချလိုက်တာ။ မီးဖိုဆောင်ကိုကျပြီး သုံးဦးသေသွားတာ မင်္ဂလာဆောင်ကနေ အသုဘဖြစ်သွားတာပေါ့ဗျာ” Snake Eyes PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

သေဆုံးသွားသူတွေနဲ့ပတ်သက်ပြီး စစ်အုပ်စုထဲက ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ အသေးစိတ်မသိရဘူးလို့ သူကဆက်ပြောပါတယ်။

ဇီးကုန်းရွာနဲ့ သီလုံးရွာတွေဟာပျူစောထီးရွာတွေဖြစ်ပြီး စစ်အုပ်စုကတပ်သားအင်အားဖြန့်ကျက်ထားပြီး ကျေးရွာအနီးဝန်းကျင်ကဒေသခံလယ်သမားတွေရဲ့ စပါးခင်းတွေကိုခိုးရိတ်တာတွေရှိသလို ကောက်ရိတ်စက်နဲ့ထော်လာဂျီတွေကို သိမ်းယူတာတွေရှိတာကြောင့် လယ်ဧကတရာဝန်းကျင် အကျိုးမဲ့ပျက်စီးခဲ့ရတယ်လို့လည်း ဒေသခံတဦးကပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ShweBo Federal Army SBFA ၊ SNAKE EYES PDF ၊ C&T SHWEBO PDF နဲ့ ရွှေဘိုတိုက်နယ် ၂ တော်လှန်ရေးညီအကိုတွေ ပူးပေါင်းခဲ့တာလို့သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း ShweBo Federal Army SBFAဟာ ရွှေဘိုမြို့နယ် သီလုံးကျေးရွာဝန်းကျင်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။