မုံရွာခရိုင် လဝကရုံး မီးရှို့ခံရလို့ပျက်စီးမှုရှိ

0 1
0 1

စစ်ကိုင်း၊ ဇန်နဝါရီ ၂၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ကိုင်းရပ်ရှိ ခရိုင်လဝကရုံး မီးရှို့ခံလိုက်ရတာကြောင့် ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၄ ရက်မနေ့ကမနက် ၇ နာရီဝန်းကျင်မှာ ညောင်ကိုင်းရပ်၊ အမြင့်လမ်းခွဲရှိ ခရိုင် လဝကရုံးကို လူတစုက မီးရှို့ခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။

“မနက်ပိုင်းလောက်မှာ မီးရှို့ခံရတာ။ ပထမက ကညနရုံးဆိုပြီးကြားတာ။ မီးသတ်ကားတွေလည်း သွားတာ တွေ့ရတယ်။ နောက်မှ ခရိုင်လဝကရုံး မီးရှို့ခံရတယ်လို့ သိရတယ်။ ရုံးတခုလုံးတော့ မကုန်သွားဘူး”လို့ ပြောပါတယ်။

လဝကရုံး မီးရှို့ခံရလို့ မီးသတ်တပ်ဖွဲ့က မီးသတ်ယာဥ်၊ ရေသယ်ယာဥ်တွေအသုံးပြု မီးငြိမ်းသတ်ခဲ့ရပြီး မနက် ၉ နာရီကျော်မှ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။

“လဝကရုံး မီးရှို့ခံရတာ ဟုတယ်။ ဘယ်အဖွဲ့ကလုပ်လဲဆိုတာ ထုတ်ပြန်ထားတာမရှိသေးဘူး။ ကညနရုံး ဒရုန်းနဲ့ပစ်တာနဲ့ လဝကရုံးမီးရှို့တာက တဖွဲ့တည်းဖြစ်နိုင်တယ်။ ဘာကြောင့်မထုတ်ပြန်သေးတယ်ဆိုတာတော့ မသိရသေးဘူး။ လုပ်တဲ့အဖွဲ့က လုံခြုံတဲ့နေရာရောက်ရင် ထုတ်ပြန်ပါလိမ့်မယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

မီးရှို့ခံရလို့ ခရိုင်လဝကရုံးအပေါ်ထပ်က စာရွက်စာတမ်းတွေနဲ့ ကြမ်းခင်းမီးလောင်ပျက်စီးသွားပြီး ရုံးတခုလုံး မကုန်သွားဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက အများပြည်သူလက်မခံတဲ့ ရွေးကောက်ပွဲလုပ်ဖို့ အိမ်ထောင်စုစာရင်းတွေကောက်ယူနေတဲ့အတွက် စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို အလိုမရှိတာကြောင့် မှတ်တမ်းတွေကို မုံရွာ UG အဖွဲ့ ၅ ခုလောက်က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့သိရပြီး အဖွဲ့နာမည်တွေကိုတော့ လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး၊

ဇန်နဝါရီလ ၂၃ ရက်နေ့လည်ပိုင်းကလည်း မုံရွာမြို့က စစ်ကောင်စီလက်အောက်ခံ ကညနရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ဝန်ထမ်းတဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။