myaelatt athan

Sharing Information to the Local

ပခုက္ကူ၊ အောင်သာရွာပျူစောထီးတပ်ဖွဲ့ဝင် ၁ ဦး လက်နက်၊ခဲယမ်းတွေနဲ့ မိသားစုလိုက် PDF ထံ ခိုလှုံလာ

မြစ်ခြေ၊ ဇွန် ၁၅၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့၊ အောင်သာရွာက ပျူစောထီးတပ်ဖွဲ့ဝင် ၁ ဦး လက်နက်၊ ခဲယမ်းတွေနဲ့အတူ မိသားစုလိုက် ဘက်ပြောင်းခိုလှုံလာတယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဘက်ပြောင်းလာသူမှာ ပျူစောထီးစခန်းတွေအခိုင်အမာအထိုင်ချထားတဲ့ အောင်သာရွာက ပျူစောထီးတပ်ဖွဲ့ဝင် မောင်စိုးထက် ဖြစ်ပြီး ၎င်းရဲ့မိသားစုဝင် ၈ ဦး၊ သူငယ်ချင်း ၂ ဦးကိုခေါ်ဆောင်ကာ ဇွန် ၁၂ ရက် မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ခိုလှုံလာတာလို့ ဆိုပါတယ်။

“ ကျနော်တို့တော့ သွားစောင့်ပြီး သူ့ကိုခေါ်ထုတ်ရတာ၊ လွယ်လွယ်ကူကူပဲ၊ ကျနော်တို့ ရွာခြေထိကိုကပ်ပြီး ခေါ်ပေးခဲ့တာ။” လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုရှိန်းက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါပျူစောထီးနဲ့အတူ BA 63(G3) ၁ လက်၊ ကျည်ဘောက် ၈ ခု၊ ကျည် ၃၅၀ တောင့်၊ အီနာဂါဗုံးသီး ၁ လုံး၊ စစ်ချပ်ဝတ်တန်ဆာ ၁ စုံ အတူပါလာတဲ့အတွက် ကျပ် ၅၀ သိန်း ဆုချီးမြှင့်ပေးထားပြီး လက်ရှိမှာ အခြေခံစစ်ပညာသင်တန်းတက်ရောက်နေတယ်လို့ ဆိုပါတယ်။

အောင်သာရွာမှာ ပျူစောထီး ၁၀၀ ကျော်နဲ့ဖွဲ့စည်းထားကာ ပခုက္ကူ၊မြစ်ခြေနယ်တဝိုက် ပျူစောထီးအင်အားအတောင့်တင်းဆုံး ရွာ ၁ ရွာဖြစ်ပြီး ဒေသတွင်းစစ် ကြောင်းထိုးမီးရှို့တာ၊ လူဖမ်းဆီးသတ်ဖြတ်တာတွေမှာ ဦးဆောင်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။