အင်တာနက်ဖြတ်တောက်ခံရတဲ့ဒေသတွေမှာ လူထုလွတ်မြောက်ရေးစာစဉ်တွေ ဖြန့်ဝေ

0 2
0 2

စစ်ကိုင်း၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့နယ်တချို့က ပြည်သူတွေဆီကို သပိတ်စစ်ကြောင်းတွေကတဆင့် လူထုလွတ်မြောက်ရေးစာစဉ်တွေ ဖြန့်ဝေလျက်ရှိတယ်လို့ သိရပါတယ်။

ခုခံစစ်တွေစတင်တဲ့ ၂၀၂၁ ခုနှစ်၊ ‌သြဂုတ်လလောက်ကစပြီး လက်ရှိချိန်ထိ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသတွေရှိနေပြီး အဲ့ဒီဒေသမှာရှိတဲ့ပြည်သူတွေက နိုင်ငံရေးအတွေးခေါ်တွေရနိုင်ဖို့ စာစဉ်ကိုပဲ အားကိုးနေရတဲ့အတွက် ထုတ်လုပ်ဖြန့်ဝေနေတာဖြစ်တယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“နိုင်ငံရေးအတွေးအခေါ် ထည့်သွင်းပေးနိုင်ဖို့က စာစဉ်တွေရဲ့ တာဝန်ဖြစ်တယ်။ အင်တာနက်မရတဲ့‌ဒေသက ပြည်သူတွေဆီကို အင်တာနက်ရတဲ့ဒေသက သတင်းတွေ၊ ဆောင်းပါးတွေ၊ ဖျော်ဖြေစရာတွေ၊ နိုင်ငံရေးအတွေးအခေါ်တွေကို ပေးနိုင်ဖို့၊ အဲ့လိုပဲ အင်တာနက်ဖြတ်တောက်ခံဒေသက လှုပ်ရှားမှုတွေကို အင်တာနက်ပေါ်မှာရှိတဲ့ ပြည်သူတွေဆီ ပြန်ပေးနိုင်မယ့် ပေါင်းကူးတခုအနေနဲ့ ထုတ်ဝေခဲ့တာဖြစ်ပါတယ်”လို့ ဆိုပါတယ်။

စာစဉ်တွေကို ကျေးရွာတွေ၊ စာသင်ကျောင်းတွေ၊ ပကဖ၊ ပအဖအဖွဲ့စည်းတွေ၊ PDF တွေ၊ နိုင်ငံရေးအဖွဲ့စည်းတွေကို ဖြန့်ဝေလျက်ရှိကာ သပိတ်ကော်မတီတွေနဲ့ပူးပေါင်းကာ စစ်ကိုင်းတိုင်းဘက်ကို ဦးစားပေးဖြန့်ဝေဖို့ လုပ်ဆောင်နေပြီး ထုတ်လုပ်မှုကုန်ကြစရိတ် အခက်ခဲတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အခုလက်ရှိ ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီနဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)တို့ ပူးပေါင်းကာ ထုတ်လုပ်ဖြန့်ဝေလျက်ရှိတယ်လို့ သိရပါတယ်။

အခုချိန်ထိ စစ်ကိုင်းတိုင်းအတွင်းက စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ စတဲ့မြို့နယ်တွေအပါ မြိုနယ် ၅ ခုမှာသာ အင်တာနက်လိုင်းတွေရနေပြီး ကျန်မြို့နယ်တွေမှာတော့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။