မြေလတ်အသံ၊ ဇွန် ၁၃၊ ၂၀၂၅။
အကျဥ်းထောင်တွင်းဆေးဝါးမလုံလောက်တာကြောင့် ၅ လအတွင်း နိုင်ငံရေးအကျဥ်းသူ/သား ၁၀ ဦးသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက်-PPNM ဆီက သိရပါတယ်။
ဒီအရေအတွက်ဟာ ၂၀၂၅၊ ဇန်နဝါရီလကနေ ဇွန် ၁ ရက်အထိ PPNM ကပြုစုထားတဲ့ အချက်အလက်မှတ်တမ်းဖြစ်ပြီး အိုးဘိုထောင်မှ ၄ ဦး၊ သာယာဝတီထောင်မှ ၂ ဦး၊ ဒိုက်ဦးထောင်မှ ၂ ဦး၊ ကသာထောင်မှ ၁ ဦး၊ မြောင်းမြထောင်မှ ၁ ဦးတို့ဖြစ်ပါတယ်။
“အကျဥ်းထောင်တွေ ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိလို့ ကျဆုံးရသူ ၁၀ ဦးရှိပါတယ်။ ဒီအထဲမှာတော့ နိုင်ငံရေးအကျဥ်းသူ ၁ ဦးနဲ့ကျန်တာကတော့ နိုင်ငံရေးအကျဥ်းသား ၉ ဦး ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၃ ရက်ကလည်း သာယာဝတီအကျဥ်းထောင်မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ဦးကျော်စိုး(ခ)ဦးဇော်မှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါဝေဒနာတို့နဲ့သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“ကိုကျော်စိုးက ထောင်မှာရောဂါဝေဒနာခံစားခဲ့ရတာ တော်တော်ကြာပြီ။ သူ့ဆီကိုအိမ်ကနေပို့တဲ့ဆေးတွေဆိုလို့ရှိရင် ပုံမှန်အားဖြင့်ကမရောက်တာများတယ်။ ရောက်တယ် ဆိုလို့ရှိရင်လည်း အဖြတ်ခံရတာများတယ်။ အချိန်မီမရောက်ဖြစ်တာတွေလည်း များတယ်။ အဲ့တာတွေကြောင့် ကျဆုံးခဲ့ရတာဖြစ်တယ်”လို့ PPNM မှရုံးတာဝန်ခံ လင်း ကပြောပါတယ်။

ဦးကျော်စိုးမှာ ပြီးခဲ့တဲ့ ၂၀၂၁၊ နိုဝင်ဘာ ၁၀ ရက်က လှည်းကူးမြို့နယ်၊ လှည်းကူးမြို့မရဲစခန်းမှာ ပုဒ်မ ၅၀(ဈ)နဲ့ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။
ဦးကျော်စိုးအပါအဝင် အထက်ပါသေဆုံးသူ ၁၀ ဦးဟာ ဆီးကျောက်ရောဂါ၊ နှလုံးဖောက်တာ၊ အစာအိမ်ရောင်ရောဂါ၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသည်းရောဂါ၊ အနာကြီးရောဂါ၊ လည်ချောင်း ကင်ဆာ၊ ဦးနှောက်သွေးကြောပြတ်ရောဂါ၊ အတက်ရောဂါတို့နဲ့ သေဆုံးသူခဲ့ရတာ ဖြစ်တယ်လို့ PPNM ရဲ့မှတ်တမ်းအရသိရပါတယ်။

ဒါ့အပြင် ၎င်းတို့ထဲမှာ ၅၁ (ဂ)၊ ၅၂ (ခ)၊ ၂၃ (က)၊ ၅၀၅ (က)၊ ၁၉ (စ)၊ ၁၂၄ (က)၊ ၅၂ (က)၊ ၅၀ (ည)၊ ၄၉၊ ၅၂ (က၊ခ) စတဲ့ပုဒ်မတွေနဲ့ ထောင်ဒဏ်အသီးသီးချမှတ်ခံထားရသူတွေလည်းပါဝင်ပါတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅၊ ဇွန် ၁၂ ရက်အထိ စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ ၆,၇၉၅ ဦး ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPPက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းဖြစ်စဥ်နဲ့ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉,၂၇၂ဦးရှိပြီး အဲဒီထဲကမှ ၂၂,၁၂၀ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေအနက်မှ ၁၀,၈၂၇ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ AAPP ကဆိုထားပါတယ်။
စာတည်း – လင်း