စစ်ကိုင်းနယ်က ကျေးရွာ၂ရွာကို စစ်ကောင်စီမီးရှို့နေ

0 3
0 3

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၈၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်နဲ့ သုံးလင့်ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာလ ၂၈ ရက်ဒီကနေ့မနက် ၁၂ နာရီလောက်ကစလို့ ညနေ ၇ နာရီလောက်အထိ မီးရှို့ဖျက်စီးနေတယ်လို့သိရပါတယ်။

အဲဒီ၂ ရွာကိုမီးရှို့ဖျက်စီးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ စစ်ကိုင်းအခြေစိုက် တမခ ၃၃ ကဖြစ်ပြီး၊ လက်ရှိအချိန်ထိ မီးရှို့ခံနေရတဲ့ ရွာ ၂ ရွာက ခန့်မှန်းခြေစုစုပေါင်း နေအိမ် ၁၀၀ ကျော် ပျက်စီးပြာကျနေပြီလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကိုပြောပါတယ်။

“စကစတွေက ပထမတော့ မြင်းဆည်ရွာကို မီးရှို့တယ်။ ပြီးတော့ အဲဒီရွာနားကသုံးလင့်ရွာကိုရှို့တယ်။ မြင်းဆည်ကရွာတော်တော်လည်း ကြီးတယ်ဗျ။ မီးရှို့သွားတာရွာတခြမ်းလောက်တော့ ပျက်စီးသွားတယ်။ သုံးလင့်ရွာကတော့ အခုအချိန်ထိမီးရှို့နေတုန်းပါ။ စကစတွေက ရွာကမထွက်သေးဘူး” လို့ဆိုပါတယ်။

မီးရှို့ခံရတဲ့ရွာ၂ရွာက ဒေသခံပြည်သူတွေကတော့ မီးမရှို့မီအချိန်ကတည်းက ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေခဲ့ကြတယ်လို့သိရကာ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နဲ့ ရေဦးမြို့ နယ်ကကျေးရွာ ၁၇ ရွာကိုလည်း စစ်ကောင်စီနဲ့ ဗျူစောထီးအင်အား ၁၀၀ ကျော်လောက်က ဒီဇင်ဘာ ၄ ရက်ကနေ ဒီဇင်ဘာ ၂၂ ရက်အထိ မီးရှို့ဖျက်စီးခဲ့တာကြောင့် နေအိမ် ၈၄၈ လုံးပြာကြပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်ကစလို့ အခု၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်အထိ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၂၀၁၅၃ လုံး၊ မကွေးတိုင်းက နေအိမ်ပေါင်း ၅၄၁၈ လုံး၊ ချင်းပြည်နယ်က နေအိမ်ပေါင်း ၁၄၁၇ လုံးနဲ့ တခြားမြို့နယ်တွေက နေအိမ်ပေါင်း ၁၄၀၀ လုံးတို့ကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်စီးခဲ့တယ်လို့ Data For Myanmar ရဲ့ အချက်အလက်မှတ်တမ်းအရ သိရပါတယ်။

Related Post

by MLAT 11 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။