ပုလဲ၊ ဇွန် ၆၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဇွန် ၆ ရက်ဒီနေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အငြိမ်းစားကျောင်းဆရာ ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာကို နေ့လယ် ၁ နာရီဝန်းကျင်မှာ ဗုံးကြဲခဲ့တာကြောင့် ရွာခံ အသက် ၇၀ အရွယ်အငြိမ်းစားကျောင်းဆရာ ဦးမြင့်လွင် သေဆုံးပြီး အဆောက်အဦတချို့လည်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“စာသင်ကျောင်းဆောင်တွေကိုမှ အရှေ့ဖက်ဆုံးအဆောင်ရယ်၊ ဆုံးတဲ့လူကြီးနေတဲ့ အိမ်နားလေးက အဆောင်ရယ် ၂ ဆောင်၊ ၂ ဆောင်ကျတာ၊ အစစင်တာလား ဘယ်လိုဖြစ်လို့လဲတော့ မသိဘူး၊ ခေါင်းပါပြတ်သွားတာ။” လို့ မင်းတိုင်ပင်ရွာခံတဦးက မြေလတ်အသံကိုပြောပါတယ်။
ဦးမြင့်လွင်ရဲ့နေအိမ်က စာသင်ကျောင်းနဲ့ကပ်လျက်ဖြစ်ပြီး ဗုံးသီးက စာသင်ကျောင်းဝန်းထဲက ကုက္ကိုပင်ပေါ်ကို ကျတာလို့ သိရပါတယ်။
“ကလေးမလေး ၁ ယောက်လည်း အစထိသေးတယ်၊ ကလေးမလေးက ၁၁ နှစ်ပဲရှိသေးတယ်၊ သိပ်တော့ မစိုးရိမ်ရဘူးပေါ့၊ ဗုံးစမှန်တာ ကလေးကို၊ သူတို့တွေက ကျောင်းနားအိမ်မှာ နေကြတာကိုး၊ အရင်လိုပဲ ကျော်ပြီးတော့တိုက်ပွဲနေရာပဲ သွားမယ်ထင်ပြီး ဒီတိုင်းနေကြတော့ထိကြတာ။” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာမှာ တိုက်ပွဲစဖြစ်တဲ့ ဇွန် ၂ ရက်ကစလို့ ယနေ့ ဇွန် ၆ ရက်အထိ ၅ ရက်ဆက် စစ်ကောင်စီဘက်က လေကြောင်းသုံးဗုံးကြဲနေတာကြောင့် ဒေသခံတွေကြောက်လန့်နေပြီး အချို့ကတော့ တိုက်ပွဲနဲ့ဝေးတဲ့နေရာတွေကို ထွက်ပြေးတိမ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒီနေ့အထိ ကန့်ဒေါင့်ရွာမှာ တိုက်ပွဲဆက်လက်တင်းမာနေဆဲဖြစ်ပြီး နှစ်ဖက်အထိအခိုက်ကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။
စစ်ကောင်စီတပ်က ပုလဲမြို့နယ်ကို ဇွန် ၅ ရက် တရက်ထဲမှာတင် ကန့်ဒေါင့်ရွာအနီးက နေရာတွေကို လေကြောင်းတိုက်ခိုက်မှု ၃၅ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စာတည်း – လင်း