myaelatt athan

Sharing Information to the Local

ဘုန်းကြီးကားစီးလာတဲ့ရဲတွေ ပစ်ခတ်ခံရလို့ ဒုရဲအုပ်အပါ ၃ ဦးသေဆုံး

0
0

ဆင်ပေါင်ဝဲ၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၅။

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ လဲဇင်ရဲစခန်းကထွက်လာတဲ့ရဲတပ်ဖွဲ့ဝင်တွေ ကြားဖြတ်ပစ်ခတ်ခံရပြီး ဒုရဲအုပ် ၁ ဦးနဲ့ ရဲတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ပုဏ္ဏဝတီပြည်သူ့ ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။

ရဲတပ်ဖွဲ့ဝင် ၆ ဦးလိုက်ပါလာတဲ့အဆိုပါကားကို ကျောသာကျေးရွာနဲ့ သပြေစမ်းကျေးရွာအကြားမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

“သူတို့က ဘုန်းကြီးကားနဲ့အယောင်ဆောင်ထွက်လာတာ၊ ရဲ**ကားပေါ့။ သူတို့ လစာထုတ်ဖို့ ထွက်လာတာလို့ ကျနော်တို့သိရတယ်၊ ၆ ဦးလောက်ပါလာတယ်။ ဒုရဲအုပ်နဲ့ ကျန်တာကတော့ ရဲတပ်သားတွေပါ၊ ထိခိုက်သေဆုံးမှုကတော့ ပွဲချင်းပြီး ၃ ဦးသေတယ်” လို့ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တိုက်ခိုက်ရေးခေါင်းဆောင်က ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ချိန်မှာ ကားကိုအရှိန်နဲ့မောင်နှင်သွားချိန်မှာ တိမ်းမှောက်သွားခဲ့ပြီး ရဲတပ်သား ၃ ဦးကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

“အဲ့ဒီနေ့က ပစ်ခတ်တိုက်ခိုက်တဲ့အချိန်မှာ ကားကိုမိုင်းမဆွဲပဲနဲ့ ကားလာပြီလို့ သတင်းအတိ အကျရတဲ့အချိန်မှာ ရှေ့ကနေပြီးတော့ တုံး ၁ တုံးကို တာလမ်းပေါ်မှာ ကန့်လန့်ဖြတ်ချထားတာ၊ ကျနော်တို့ ပစ်ခတ်တဲ့အချိန် ကားကိုအသကုန်မောင်းသွားတာ၊ တုံးကဝင်တိုက်ပြီးတော့ ကားကပတ်လက်လန်သွားတယ်” လို့ တိုက်ခိုက်ရေးခေါင်းဆောင်က ဆက်ပြောပါတယ်။

တိုက်ခိုက်ပြီးနောက် 79 ၁ လက်၊ ၄၀ မမ ဗုံးသီး ၂ လုံး၊ MA 13 ၁ လက်၊ MA 13 ကျည် ၁၃၀ တောင့်၊ G.3 ကျည် ၁၂၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ခြောက်လုံးပြူးသေနတ် ၁ လက်၊ လက်ကိုင်ဖုန်း ၅ လုံး၊ နိုင်ငံသားစီစစ်ရေးကဒ်ပြား ၅ ခုနဲ့ ဝန်ထမ်းကဒ် ၂ ခုတို့ကို သိမ်းဆည်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ သရက်ခရိုင်အမှတ် ၅ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကလည်း ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင် EPC ရုံးမှာ အထ်ုင်ချတပ်စွဲပြီး ခရီးသွားမော်တော်ယာဉ်တွေကို ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကို ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ကပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။