myaelatt athan

Sharing Information to the Local

သဲကုန်းမြို့ပေါ်က စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

0
0

သဲကုန်း၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့ပေါ်က စစ်ကောင်စီစစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်းဆီက သိရပါတယ်။

သဲကုန်းမြို့၊ တယ်သီးပင်ရပ်ကွက်၊ ဆရာအတတ်သင် (၁) လမ်းမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၂၇ ရက် မနက် ၁၁ နာရီလောက်မှာ စတင်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်ချိန် ၁၀ မိနစ်ဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ၄ ဦးသေဆုံးသွားတယ်လို့ ဆိုပါတယ်။

“အဲဒီ ဂိတ်မှာ ၁၀ ကောင်လောက်ရှိတယ်။ သေဆုံးတာနဲ့ပတ်သက်ပြီး ပစ်ခတ်တိုက်ခိုက်စဉ်အတွင်းမှာလည်း မြင်ခဲ့ရတယ်။ စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းဝိုင်းကလည်း သတင်းရတယ်။” လို့ ၃၆၀၁ တပ်ရင်းမှ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံ Shadow က ပြောပါတယ်။

အဲ့ဒီဂိတ်စခန်းဖွင့်လှစ်ထားတာ ၁ နှစ်ကျော်လောက်ရှိပြီး ခုလိုသွားရောက်ပစ်ခတ်ဖို့ ၁ ပတ်လောက်ယူခဲ့ရပြီး အခက်အခဲတွေတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာချိန် စစ်ကောင်စီဘက်မှ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး မြို့အဝင်၊ အထွက်ဂိတ်တွေကိုလည်း ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့က နဂိုကတည်းက Plan ချပြီး အချိန် ၁ ပတ်လောက်ယူပြီးတော့မှ သွားရောက်စီစဉ်ပြီး လုပ်ဆောင်ခဲ့တဲ့အတွက် အခက်အခဲဆိုတာမရှိခဲ့ပါဘူး။ ပြန်ဆုတ်တဲ့အခါမှာလည်း ကျနော်တို့ ပစ်ပြီးလို့ရှိရင် ဘယ်သူကဘယ်ဘက်ဆုတ် ကျနော်တို့ ကြိုတင်စီမံဆောင်ရွက်ထားတာမျိုး ရှိတယ်။” လို့ ကို Shadow ကဆက်ပြောပါတယ်။

တိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၃ နဲ့ တပ်ခွဲ ၅ တို့က တပ်ဖွဲ့ဝင် စုစုပေါင်း ၆ ဦးက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။

ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်းဟာ ဖေဖော်ဝါရီ ၁၉ ရက်ကလည်း ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာနဲ့ ညောင်နီပင်ရွာကြား သစ်ပုတ်အထိုင်စခန်းမှာ လူလဲပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။