မြေလတ်အသံ၊ ဇွန် ၂၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူအခြေစိုက်တပ်မ ၁၀၁ ကနေ လက်နက်၊ ရိက္ခာနဲ့ စစ်အင်အားရာကျော် တင်ဆောင်လာတဲ့ယာဥ်တန်းဟာ ဇွန် ၁ ရက်ကစပြီးပခုက္ကူမြို့ကထွက်လာတယ်လို့ မြေပြင်အခြေအနေကို သိရှိတဲ့ဒေသခံတွေဆီကသိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ဝန်းကျင်လိုက်ပါလာတဲ့ စစ်ကားနဲ့ပြည်သူပိုင်ကား ၁၂၆ စီးဟာ နေ့လယ် ၂ နာရီကျော်မှာစတင်ထွက်ခွာလာတာဖြစ်ပြီး ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ရှိ ပျူစောထီးအထိုင်စခန်းတွေဆီကိုသွားနေတာလို့ ဆိုပါတယ်။
ကားတန်းလာရာလမ်းတလျောက်မှာ စစ်ကောင်စီဘက်ကကင်းပုန်းတွေချထားတယ်လို့လည်း မြေပြင်အခြေအနေကိုသိရှိထားသူဖြစ်တဲ့ မြိုင်ဒေါင်းမင်းက ပြောပါတယ်။
“ကားတန်းက ပခုက္ကူ-ပေါက်လမ်းမအတိုင်းထွက်လာတာဗျ။ လမ်းတလျောက်ကိုတော့ ကင်းပုန်းတွေ ချထားတယ်။ စကစ အင်အားများတော့ တော်လှန်ရေးအဖွဲ့တွေက မိုင်းခွဲတိုက်လိုက်တာ အနည်းအကျဥ်းလောက်ပဲလုပ်နိုင်တယ်ဗျ” လို့ သူကဆိုပါတယ်။
ဇွန် ၂ ရက်ဒီနေ့လယ် ၂ နာရီကျော်မှာတော့ အထက်ပါစစ်ယာဥ်တန်းဟာ ပခုက္ကူမြို့နယ်၊ ကန်တော်စံပြကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီတပ်ဂိတ်မှာပဲ ရောက်ရှိနေတယ်လို့ မြိုင်ဒေါင်းမင်းကဆိုပါတယ်။
စစ်ယာဥ်တန်းလာတဲ့လမ်းတလျောက်မှာ တော်လှန်ရေးတပ်တွေဘက်က မိုင်းဆွဲတိုက်ခိုက်တာတွေရှိသလို စစ်ကောင်စီဂိတ်တွေမှာ နားရင်းသွားတဲ့အတွက် အဆိုပါစစ်ကြောင်းဟာ လမ်းမှာပဲ အချိန်ကြာမြင့်နေတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိစစ်ကြောင်းထိုးတာမျိုးမရှိသေးဘဲ စစ်ရေးအခြေအနေလည်းငြိမ်သက်နေတယ်လို့ သူကဆက်ပြောပါတယ်။
အဆိုပါယာဥ်တန်းထွက်ခွာလာတဲ့ ဇွန် ၁ ရက်ကစလို့ ပခုက္ကူ-ပေါက်-မြိုင်အစပ်ကားလမ်း နံဘေးမှာရှိတဲ့ ပခုက္ကူမြို့နယ်က ကံရက်ကြီးရွာ၊ ကံရက်ကလေးရွာ၊ ရွာသာယာရွာ၊ ညောင်ပင်လှ၊ ကန်တော်ရွာ၊ မြိုင်မြို့နယ်က ကံမြင့်ကုန်းရွာနဲ့ ပေါက်မြို့နယ်ရှိ ရေပြာနဲ့ ရွှေလံရွာက ဒေသခံတွေလည်းရွာကတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
စာတည်း – လင်း