myaelatt athan

Sharing Information to the Local

မြင်းခြံက စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

မြင်းခြံ၊ မတ် ၅၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီဂိတ်ကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၉၊ Myingyan Black Tiger – MBT အဖွဲ့က မတ် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ပျူစောထီးခေါင်းဆောင် သီတာယုမွန်အဖွဲ့က ပျူစောထီးတွေအပါ စစ်သားနဲ့ ရဲ စု‌စု‌ပေါင်း အင်အား ၂၀ ရှိတဲ့ အဆိုပါစစ်ဆေးရေးဂိတ်ကို မတ် ၃ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

“နေရာမှာ စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားတာရှိတယ်။ အဲ့ဒီအလောင်းတွေကိုတော့ မြင်းခြံမြို့ အထက ၂ ကျောင်းထဲမှာ ရေခဲပုံးနဲ့ထားတယ်လို့ သိထားရတယ်။” လို့ Myingyan Black Tiger-MBT ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီဂိတ်ဟာ ခရီးသွားကားတွေကို ဆက်ကြေးကောက်နေတဲ့ဂိတ်ဖြစ်ပြီး စျေးဝယ်လာတဲ့ ဒေသခံတွေဆီကလည်း ရိက္ခာသယ်ယူစရိတ်တောင်းတဲ့အပြင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို မဝင်လာနိုင်အောင် ဟန့်တားဖို့လုပ်ထားတဲ့ဂိတ်ဖြစ်တယ်လို့ ဆိုပါတယ်။

“မြင်းခြံမြို့ပြင်က ကျေးရွာတွေဈေးဝယ်လာရင် ပြည်သူတွေဆီက ဆန်အိတ် ၁ အိတ်ကို ၇ ထောင်နှုန်းတောင်းတယ်။ ဆန်အိတ် ၁ အိတ်ကို ၅ ထောင်နှုန်းတောင်းတယ်။ ကား ၁ စီးကို ဘယ်လောက် ဘယ်လောက်ဆိုပြီးလည်းတောင်းတယ်။ ဆက်ကြေးကောက်နေတဲ့ ကောင်တွေပေါ့။ အနုနည်းနဲ့ ဓါးပြတိုက်နေတဲ့ပုံစံမျိုးတွေလုပ်နေတာ။” လို့ ဗိုလ်မိုက်ခဲက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger – MBT မြင်းခြံခရိုင်တပ်ရင်း ၉၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နဲ့ BGF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့မတ် ၁ ရက်ကလည်း မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်-တူးရွင်းဘိုရွာကြားနဲ့ မြင်းခြံမြို့-ကုက္ကဲကျေးရွာအကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဒေသခံကာကွယ်ရေးတပ်တို့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။