တောင်ကုတ်မှာ CDM ကျောင်းဆရာမတဦး အကြမ်းဖက်ပုဒ်မနဲ့ ထောင် ၁၀နှစ်ချခံရ

0 3
0 3

တောင်ကုတ်၊ ဧပြီ ၂၈၊ ၂၀၂၂။

ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့က CDM ကျောင်းဆရာမ တဦးကို စစ်ကောင်စီက ဒီနေ့ သံတွဲတရားရုံးကနေ ပုဒ်မ ၅၀ည နဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းတာလက်မခံပဲ CDM လုပ်ခဲ့တဲ့ အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၀ရက်က တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက် ရွှေတောင်ရေခဲစက်နောက်လမ်းက နေအိမ်မှာ လာဖမ်းသွားခဲ့တာဖြစ်တယ်လို့ မိတ်ဆွေတဦး ‌ပြောပါတယ်။

” အရပ်၀တ်နဲ့ ၁၅ ယောက်လောက်က မနက် ၁၀နာရီလောက်မှာ အိမ်ကို ဝိုင်းပြီး စအဖနဲ့ စစ်တပ် ပေါင်းပြီး ဖမ်းလိုက်တာ သူ့ကို ဖမ်းပြီး ၅ရက် တောင်ကုတ်စစ်တပ်ထဲမှာ အစာမကျွေးဘဲ ထားတယ် ၂၅ရက်နို၀င်ဘာမှာ တောင်ကုတ်အချုပ်ကိုပြောင်းတယ်” လို့ ‌ ‌ဒေါ်ချယ်ရီသက်ရှည်ရဲ့ မိတ်ဆွေတဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၃ရက်မှာ သံတွဲထောင်ကို ပို့ကာ တရားလိုဘက်ကို စစ်ဆေးတာတွေလုပ်ခဲ့ပြီး ၅လနီးပါး အကြာ အချုပ်ကျနေခဲ့ရာက ဧပြီလ ၂၈ရက် ဒီနေ့ညနေပိုင်းမှာ သံတွဲတရားရုံးက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ည နဲ့ ထောင် ၁၀နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။

” သူအဖမ်းခံရတဲ့ နေ့ကတော့ အိမ်စီးကားနဲ့လာဖမ်းတာ ကားပေါ်ကနေ ရပ်ကွက်ကတယောက်ကို တော့မှာခဲ့ သူ့အတွက်မပူနဲ့ သူမဟုတ်တာ ဘာမှမလုပ်ထားဘူး အမှန်တရားအတွက်ဘဲ သူ့အမေနဲ့ သားတွေကိုတော့ စောင့်ရှောက်ပေးပါလို့ မှာတယ်” လို့ မိတ်တွေ တဦးက ပြောပါတယ်။

အသက် ၄၅ နှစ်နီးပါး ရှိပြီဖြစ်တဲ့ အထက်တန်းပြ ကျောင်းဆရာမ ဒေါ်ချယ်ရီသက်ရှည်က အမေနဲ့ သား နှစ်ယောက်အတွက် စာတစောင်ကိုလည်း ရေးပေးခဲ့တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။