တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးဟုဆို
အုတ်ဖို၊ မေ ၂၈၊ ၂၀၂၅။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးအစပ်ရှိ စစ်ကောင်စီတပ်စခန်းတခုကို မေ ၂၆ ရက်မှာ တိုက်ခိုက်ပြီးနောက် စခန်းကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ ကပြောပါတယ်။
စစ်ကောင်စီအင်အား ၃၀ ကျော်နဲ့ အခိုင်အမာတပ်စွဲနေတဲ့ ထန်းပင်ကုန်းကျေးရွာအတွင်းရှိ ဗိုလ်စုရုံစခန်းကို ဒေသခံကာကွယ်ရေးတပ်တွေကတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။



စုစုပေါင်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးတယ်ဆိုတာကို ဒေသခံတွေနဲ့ မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေရဲ့တွေ့ရှိချက်အရ အတည်ပြုနိုင်ခဲ့တာလို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မှ တပ်ခွဲမှူး ရဲဘော်ဒေဝ က ပြောပါတယ်။
“တိုက်ပွဲဖြစ်နေတဲ့အချိန်မှာလည်း ရဲဘော်တွေမျက်မြင်က ၅ ကောင်။ အတွင်းမှာက ၃ ကောင်သေတာ။ အလောင်းတွေကိုတော့ ထွက်ပြေးချိန် ခြေလျင်ထမ်းတယ်။ ကားလမ်းကျမှ ကားနဲ့တင်သွားတာလို့ သိရပါတယ်။” လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မှ တပ်ခွဲမှူး ရဲဘော်ဒေဝ က ပြောပါတယ်။



အဆိုပါစခန်းကို မေ ၂၆ ရက်မနက် ၆ နာရီ မှာစတင်တိုက်ခိုက်ခဲ့ပြီးနောက် ညနေ ၅ နာရီကျော်မှာ စခန်းရှိ စစ်ကောင်စီတပ်သားတွေက စခန်းနဲ့ ၅ မိုင်ခန့်ဝေးတဲ့ ခမရ ၆ တိမ်မြုပ်တပ်ထဲကို ထွက်ပြေးခဲ့ကြတာလို့ ဆိုပါတယ်။
အဲ့ဒီနောက်စခန်းကိုဝင်ရောက်ရှင်းလင်းရာ ၆၀ မမ ဗုံးသီး ၁၂ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ ၅.၅၆ ကျည် ၃၀၀ တောင့်၊ အီနာဂါပို့ကျည် ၅ တောင့်၊ တူမီး ၁ လက်၊ ဆန် ၂ အိတ်၊ စားဆီ ၁ ပုံး၊ ဖိနပ် ၂ ရံ၊ အီကွေ့မန့် ၃ ခု၊ ဘောင်းဘီ ၂ ထည်၊ ဦးထုပ် ၃ လုံး သိမ်းဆည်းရရှိပြီးနောက် စခန်းကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ အထက်ပါတပ်ခွဲမှူးက ပြောပါတယ်။



ထန်းပင်ကုန်းကျေးရွာမှာ အုတ်ဖိုမြို့နဲ့ ၆ မိုင်ခန့်ဝေးပြီး စစ်ကောင်စီတပ်သားတွေက ရွာအတွင်းရှိ ဗိုလ်စုရုံမှာစခန်းချနေထိုင်ခဲ့တာဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ကတည်းကဖြစ်တယ်လို့ သိရပါတယ်။


စာတည်း – လင်း