ရွှေဘို၊ မေ ၂၇၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၅ ရပ်ကွက်ရှိ ရွှေပလောင်ပုဂ္ဂလိကဆေးရုံဝန်းအတွင်း ပစ်ခတ်မှုတွေဖြစ်ပြီး ပျူစောထီး ၂ ဦးနဲ့ အရပ်သား ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မေ ၂၆ ရက် မနေ့မနက် ၈ နာရီကျော်မှာ မေခွန်ရွာပျူစောထီးခေါင်းဆောင် ပေါသိန်းနဲ့အင်အား ၁၀ ဦးခန့်ပါ ပျူစောထီးအဖွဲ့က ရွှေပလာင်ဆေးရုံမှာ လာရောက်ကုသနေစဥ် လက်နက်ကိုင်အဖွဲ့တခုက လာရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
” ပေါသိန်းက ခြေထောက်ကျိုးလို့ ဆေးရုံလာတက်တာ။ အဲ့ဒါက ပုဂ္ဂလိက ဆေးရုံလေ။ ခုက ဒုတိယအကြိမ်ခြေထောက်ကျိုးတာ။ ချော်လဲလို့ကျိုးတာ။ ပထမတခေါက်ကလည်း ကျိုးထားသေးတာ။ အသက်တောင်မပါတာကံကောင်းတယ်” လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ဆေးရုံလုံခြုံရေးဝန်ထမ်း အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ဦးနဲ့ ပစ်ခတ်မှုဖြစ်ချိန် စက်ဘီးနဲ့ဖြတ်သန်းသွားတဲ့ လမ်းသွား၊ လမ်းလာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးတို့( မစိုးရိမ်ရ)ဒဏ်ရာရသွားကာ ပျူစောထီးတွေဘက်ကလည်း ၂ ဦးဒဏ်ရာရတယ်လို့ ၎င်းဒေသခံထံက သိရပါတယ်။
ဆေးရုံဝန်းအတွင်း ကင်းလာစောင့်ပေးတဲ့ ပျူစောထီးတွေကို ရွှေဘိုတိုက်နယ် ၅ ပကဖတပ်ဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ပျူစောထီး ၂ ဦး ထိခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပကဖတာဝန်ရှိသူတဦးက အတည်ပြုပြောပါတယ်။
“ မျက်မြင်တော့ ၂ ကောင်လဲကျသွားတာရှိတယ်။ သူတို့စီးလာတဲ့ ပါဂျဲရိုးကားကလည်း ပျက်စီးတာရှိတယ်။ အတွင်းထဲက လူထိ၊ မထိတော့မသိရဘူး” ၎င်းက ပြောပါတယ်။
ပစ်ခတ်မှုအတွင်း ပျူစောထီးတွေထိခိုက်တာကြောင့် ယမန်နေ့ ညနေပိုင်းထိ စစ်ကောင်စီအဖွဲ့တွေဟာ ရွှေဘိုမြို့အဝင်အထွက်နေရာတွေမှာ ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
မေခွန်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်တဲ့ ပျုစောထီး ပေါသိန်းဟာ မြို့နယ်ပျူစောထီးခေါင်းဆောင်တဦးလည်း ဖြစ်ပြီး ကျေးရွာမှာ စစ်မှုထမ်းကြေးကောက်ခံတာ၊ မြေယာတွေသိမ်းဆည်းရောင်းစားတာတွေ လုပ်ဆောင်နေတယ်လို့ ရွှေဘိုမြို့နယ်ပကဖက ပြောပါတယ်။
မေ ၁၅ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ညောင်ပင်သာ စိုက်ပျိုးရေးသိပ္ပံတက္ကသိုလ်နဲ့ ပန်းရံကျေးရွာသွား လမ်းပေါ်မှာ ဒုရဲအုပ်အပါအဝင် ၂ ဦးပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ