ပဲခူး၊ မေ ၂၅၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း ၃၉ မိုင်၊ အဆိပ်တောင်ကျေးရွာအနီး အင်ကြင်းကွင်းမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေ ၁ ဦးဒဏ်ရာရတယ်လို့ ၃၇၀၁ တပ်ရင်း IO ထံက သိရပါတယ်။
မေ ၂၄ ရက် မနက် ၈ နာရီ မိနစ် ၃၀ ခန့်မှာ တပ်မ ၇၇ လက်အောက်ခံ ခမရ ၅၁၉ နဲ့ ပျူစောထီးပူးပေါင်းအင်အား ၅၀ ကျော်ခန့်ဟာ စပူချောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာစဉ် ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“သူတို့က ပွိုင့်ထိုးလာတာ စပူချောင်းဆိုတဲ့ရွာဘက်ကို ကျနော်တို့ရဲဘော်တွေက အင်ကြင်းကွင်းလောက်ကနေဖြတ်စောင့်ပြီး ထိတွေ့တိုက်ပွဲဖြစ်တာ။ ၁၀ မိနစ်လောက်ပဲ သူပစ်ကိုယ်ပစ် ပစ်ကြတာ။ “လို့ ၃၇၀၁ တပ်ရင်း IO ကိုလရောင်က ပြောပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရကာ စစ်ကောင်စီတပ်သားတွေကိုင်ဆောင်တဲ့ ကာဘိုင် ၂ လက်၊ ကျည်ဘောက် ၂ ခုနဲ့ ကျည်ဆန်အချို့သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က လက်နက်ကြီးတွေရမ်းသန်းပစ်ခတ်ပြီးနောက်အဆိပ်တောင်ရွာထဲမှာ ညအိပ်ခဲ့ပြီး ဧည့်စာရင်းစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ညပိုင်းမှာပင် စပူချောင်းကျေးရွာက အသက် ၂၄ နှစ်ခန့်အရွယ် ကိုသက်ဆိုသူကိုလည်း အဆိပ်တောင်ရွာဘက်ကို ဖမ်းဆီးသွားပြီး မတ် ၂၅ ရက်ဒီမနက်ပိုင်းထိ အဆိပ်တောင်ကျေးရွာထဲတပ်စွဲထားတယ်လို့ သိရပါတယ်။
မေ ၂၂ ရက်ကလည်း ပဲခူးမြို့နယ်၊ အမြန်လမ်း ၃၂မိုင်ရှိ လှော်ကားလသာကျေးရွာအနီးက ရဲကင်းကို တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း