မြေလတ်အသံ၊ မေ ၁၄၊ ၂၀၂၅။
ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းကမြို့နယ်တွေမှာ ဒုရဲအုပ် နယ်ထိန်းခေါင်းဆောင် ၁ ဦးနဲ့ အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာမြို့နယ်တွေရဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းကျေးရွာနဲ့ ကြို့ပင်ကောက်မြို့ လမ်းပိုင်းပေါ်မှာ ဒုရဲအုပ် နယ်ထိန်းခေါင်းဆောင် ပစ်ခတ်ရာသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၂ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုက မေ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပစ်ခတ်ခံရသူဟာ အလယ်ကုန်းကျေးရွာ နယ်မြေရဲစခန်းက အသက် ၃၁ နှစ်အရွယ် ဒုရဲအုပ် နယ်ထိန်းခေါင်းဆောင် မာန်ဟိန်းဆိုသူဖြစ်ပြီး မေ ၁၃ ရက် မနက် ၁၀ နာရီခန့်မှာ ပစ်ခတ်ခဲ့တာ လို့ဆိုပါတယ်။
“သူက တာဝန်ကျရာ အလယ်ကုန်း စခန်းကနေ ကြို့ပင်ကောက်မြို့ကို အပြန်လမ်းမှာ စောင့်ပြီး ရှင်းလင်းခဲ့တာပါ။ ခုချိန်ထိ အမြဲပြည်သူအပေါ် ဒုက္ခပေးနေဆဲမို့ ရှင်းလင်းရတာပါ။ ကျနော်တို့ကို မြင်တာနဲ့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖိုမှန်းသိတော့ နီးရာအိမ်ထဲဝင်ပြေးတာ အိမ်ထဲထိလိုက်ပြီး ဦးခေါင်းကိုတချက်ပစ်ခဲ့တယ်”လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖိုမှ တပ်ဖွဲ့င်ဒေဝကပြောပါတယ်။
ပစ်ခတ်မှုကြောင့်နေရာတင်သေဆုံးခဲ့ပြီး သူ့ဆီကနေ G3 ကျည် ၁၂ တောင့်၊ ဆိုင်ကယ် ၁ စီး၊ စကားပြောစက် ၁ လုံး၊ ငွေ ၆၀၀ ကျပ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရွှေတောင်ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးထွန်းဦးကို မေ ၁၂ ရက်ညနေ ၅ နာရီခွဲမှာ ပစ်ခတ်ရာသေဆုံးခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ ဆီက သိရပါတယ်။
“သူတို့ရွာအရှေ့ ကြက်ပြင်မှာ **ဂိတ်ရှိတယ်၊ ဂိတ်ကိုပုံမှန်သွားပြီးတော့ သောက်စားပြီးပြန်လာတာ၊ သူက ဆိုင်ကယ်နဲ့တိုက်မလို့လုပ်ပြီး မောင်းသွားတာ၊ ရွှေတောင်ရွာထိပ်မှာ ရှင်းလင်းခဲ့တာ၊ သူ့ကို လိုက်ပစ်တာမှာ ပေါင် ၁ ချက်၊ လက် ၁ ချက်၊ ဦးခေါင်း ၁ ချက် ပစ်ခဲ့တာ၊ အလောင်းကိုတော့ ရွှေတောင်နဲ့ မြို့သာကြားထဲမှာ ထားခဲ့တာ”လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ တာဝန်ခံက ပြောပါတယ်။
ဦးထွန်းဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီး ဒေသခံတွေအပေါ်အနိုင်ကျင့်တာတွေရှိတာကြောင့် ပစ်ခတ်ခဲ့တာလို့ နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံရဲ့ မေ ၁၃ ရက်ကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးထွန်းဦးဆီကနေ လက်ပစ်ဗုံး ၂ လုံးနဲ့ နိုင်ငံသားကပ်ပြား ၁ ခု တို့ကို သိမ်းဆည်းရရှိခဲ့ပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် မေ ၁၃ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အလောင်းကို ရွှေတောင်ရွာထဲ ပြန်သယ်သွားကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၃ ရက်ကလည်း မြင်းခြံခရိုင် ငါန်းဇွန်မြို့၊ အင်းဝဘဏ်အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နဂါးနီပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်တိုက်ခဲ့ရာ ၄ ဦးသေဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
စာတည်း – လင်း