မင်းလှ၊ မေ ၅၊၂၀၂၅။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ နယ်၊ ရွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာက စစ်ကောင်စီ သတင်းပေး ပျူစောထီးဆိုသူ ၂ ဦးကို မေ ၄ ရက်မွန်းလွဲ ၁၂ နာရီမှာ ပစ်ခတ်ရာသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ကပြောပါတယ်။
ပျူစောထီးဆိုသူ အသက် ၅၀ အရွယ် ဒေါ်ယူပီ နဲ့ ဦးမြဇော်ဦးတို့ကို စိန်ကန့်လန့်-မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းဘေးရှိ ပျဉ်းကတိုးခင်းရွာအနီးမှာ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
“သူတို့နှစ်ယောက်က ဖောကားတစီးနဲ့ ရိုးပေါ်ကိုတက်လာတုန်းဖမ်းမိတာ။ အဲ့မှာထွက်ပြေးတော့ ပစ်ခတ်လိုက်ရတာ။ အလောင်းတွေကိုတော့ မြေမြှုပ်ပေးခဲ့တယ်။ သူတို့က ဟိုင်းယုလမ်းဆုံ၊ ဗိုလ်ရုံနဲ့ ပျဥ်းကတိုးခင်းရွာက ပြည်သူအိမ်တွေကို ဖျက်ယူတယ်။ အဲ့ရွာတွေကလူတွေ စိုက်ထားတဲ့ သီးနှံတွေလည်းသူတို့ပဲယူတာ”လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရိုးမမြေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ကို မမှန်သတင်းပေးကာပြည်သူတွေကို ဖမ်းဆီးခိုင်းတာ၊ စစ်ရှောင်ပြည်သူတွေရဲ့ တဲဆောင်တွေကိုဖျက်ဆီးရယူတာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရိက္ခာထောက်ပံ့ပေးတာ၊ ရိုးမပေါ် သွားလာရေးအတွတ်ဖောကားနဲ့ အကြိုအပို့ လုပ်ဆောင်ပေးတာ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အချက်အလက်တွေနဲ့ စခန်းတည်နေရာတွေကို သတင်းပေးပို့တာတွေလုပ်ဆောင်ခဲ့တယ်လို့ သူကပြောပါတယ်။
အဆိုပါကိစ္စတွေကိုမလုပ်ဆောင်ဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ အနေနဲ့ ဖုန်းဆက် သတိပေးပေမယ့် မလိုက်နာခဲ့ဘူးလို့ ရဲဘော်ရိုးမမြေ ကဆက်ပြောပါတယ်။
၎င်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ကတည်းကနေ စစ်ကောင်စီတပ်ကို သတင်းပေးလုပ်နေတာဖြစ်ပြီး သူတို့ဆီကနေ ဖောကား ၁ စီး၊ စစ်ကောင်စီတပ်သားတွေနဲ့ ဆက်သွယ်ပြောဆိုထားတဲ့ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ လက်စွပ် ၁ ကွင်း၊ နားကပ် ၁ ရံတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ရဲဘော်ရိုးမမြေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီ ၅ ရက်ကလည်း မင်းလှမြို့နယ်၊ မုက္ခာကျေးရွာနေ ဒေါ်ယူပီရဲ့သားဖြစ်သူ စစ်ကောင်စီတပ်သတင်းပေးဆိုသူ ရှိုင်းလင်းအောင်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ က ပစ်ခတ်ပြီး သူ့ဆီက ဆိုင်ကယ် ၁ စီး၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၁,၀၀၀ ကျပ်နဲ့မှတ်ပုံတင် ၁ ခု သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။
စာတည်း – လင်း