စလင်း၊ ဧပြီ ၃၀၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၅ တပ်ကထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ၁ ဦးကို ဧပြီ ၂၈ ရက်မှာ ဖမ်းမိပြီးထိန်းသိမ်းထားတယ်လို့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်း ဆီက သိရပါတယ်။
အသက် ၂၆ နှစ်အရွယ် စစ်ကောင်စီတပ်သား စိုင်းစိုင်းကို စလင်းမြို့နယ်အတွင်းမှာ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းတပ်ဖွဲ့ဝင်တွေက ဖမ်းမိခဲ့တာဖြစ်ပြီး ထွက်ပြေးလာချိန်ဘာပစ္စည်းမှ ပါမလာဘူးလို့ ဆိုပါတယ်။
“တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၅ တပ်က ထွက်ပြေးလာတာ၊ ကျနော်တို့ပွိုင့်နားရောက်ချိန် စစ်မေးတာမှာ တပ်ထဲတာဝန်ထမ်းဆောင် ၁ လလောက်ပဲရှိပြီလို့ပြောတယ်၊ တပ်ထဲမှာ ညှင်းပမ်းနှိပ်စက်မှုတွေ၊ အနိုင်ကျင့်တာတွေလုပ်တာကြောင့် သူဘယ်လိုမှမခံရပ်နိုင်လို့ ထွက်ပြေးလာတာလို့ ပြောတယ်”လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တပ်ရင်းမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။
တပ်သားစိုင်းစိုင်းဟာ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရှမ်းကလေးကုန်းကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ၂၀၂၄ သြဂုတ်လက အမရပူရမြို့ပေါ်မှာ ပေါ်တာဆွဲခံခဲ့ရသူဖြစ်တယ်လို့ ဆိုပါတယ်။
ပေါ်တာဆွဲခံရပြီး ဟိုပင်မြို့နယ်သင်တန်းကျောင်းမှာ ၂၀၂၄ ဩဂုတ်လကနေ ၂၀၂၅ ဇန်နဝါရီ လအထိ ၆ လအကြာစစ်သင်တန်းတက်ခဲ့ပြီး ဖေဖော်ဝါရီလပိုင်းမှာ စလင်းအခြေစိုက် ခလရ ၂၅၅ တပ်ကိုရောက်ရှိလာသူဖြစ်ကာ လက်ရှိမှာတော့ အမှတ် ၅ တပ်ရင်းမှာပဲထိန်းသိမ်းထားတယ်လို့ တပ်ရင်းမှူးဗိုလ်မိုးကြိုးက ပြောပါတယ်။
“သူတို့နယ်မြေ အကြောင်းကို ဘာမှမသိရဘူးတဲ့၊ သူအိမ်ပြန်လို့ရရင်ပြန်ချင်တယ်ပြောတယ်၊ သူတို့နယ်မြေက တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးနယ်မြေမဟုတ်တော့ ပြန်လို့မဖြစ်သေးဘူးဆိုပြီး လက်ရှိထိန်းသိမ်းထားတယ်”လို့ တပ်ရင်းမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။
မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းအဖွဲ့ဟာ မကွေးတိုင်း၊ မင်းဘူးမြို့နယ်အခြေစိုက် တပ်ဖွဲ့တခုဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့ဆီမှာ ဘက်ပြောင်းခိုလှုံလာတဲ့ ရဲနဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ၁၂ ဦးရှိတယ်လို့ သိရပါတယ်။
စာတည်း – လင်း