ပေါင်းတည်၊ ဧပြီ ၁၇၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ ချောင်းထဲရေချိုးဆင်းတဲ့ အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ ပေါင်းတည်မြို့နယ်၊ မင်းကွက် ၂ ရပ်ကွက် အနောက်လမ်းက အသက် ၅၄ နှစ်ဝန်းကျင် ကိုမောင်စိုး (ခ) ကိုမင်းလွင်ဖြစ်ပြီး သရက်တောရွာ တိလောကရုံကျောင်းအနီး နွားသတ်ချောင်း အတွင်းမှာ ဧပြီ ၁၅ ရက်ညနေ ၅ နာရီလောက်မှာ ရေနစ်သေဆုံးတာလို့ ပြောပါတယ်။
အလောင်းကို ရေနစ်တဲ့နေရာနဲ့ တမိုင်လောက်အကွာ ရန်ကုန်-ပြည်လမ်းအနီး ကုလားသင်္ချိုင်းကုန်းအနီး နွားသတ်ချောင်းအတွင်းမှာ မြို့ခံတွေက လိုက်လံရှာဖွေရာက အဲဒီည ၇ နာရီလောက်မှာ ပြန်လည်တွေ့ခဲ့တာလို့ ဆိုပါတယ်။
“ကိုမောင်စိုးက သူငယ်ချင်းတွေနဲ့ ရေချိုးသွားရင်း ရေနစ်တာလို့ ကြားတယ် အရက်လည်း သောက်ထားတယ်လို့ ပြောတယ် ချောင်းထဲမှာ နွေစပါးအတွက် ဆည်ရေလွှတ်ထားတော့ ရေအနက်က လူတရပ်ကျော်တယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
အလောင်းကို ဧပြီ ၁၆ ရက် ညနေ ၃ နာရီကျော်လောက်မှာ သူ့ရဲ့နေအိမ်ကနေ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဧပြီ ၁၅ ရက် ယမန်နေ့ ညနေ ၅ နာရီခွဲလောက်မှာပဲ ပဲခူးတိုင်း ပဲခူးမြို့မဟာစေတီတိုက်တန်းနေ အသက် ၂၃ နှစ်ဝန်းကျင် ကိုအောင်ကိုကိုဟာလည်း ပဲခူးမြို့မ မဇင်းဆည်အတွင်း ရေချိုးဆင်းရာက ရေနစ်သေဆုံးခဲ့ပါသေးတယ်။
ပုံစာ – ကိုမောင်စိုးအလောင်းကို သင်္ဂြိုဟ်ရန် ပြင်ဆင်ထားစဉ်။
သတင်း – မောင်ဆွေအင်း၊ စာတည်း – လင်း