ယင်းမာပင်၊ အောက်တိုဘာ ၁၅၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ တံခါးရင်းကျေးရွာကို စစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် ပြည်သူတွေရဲ့ ဆိုင်ကယ်အစီး ၂၀ ကျော်၊ ကား ၂ စီးနဲ့ ရိက္ခာတွေ ယူဆောင်သွားတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၆ တာဝန်ရှိသူတွေထံက သိရပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့ မနက် ၁၁ နာရီခန့်က ပုလဲမြို့ကနေ ထွက်လာတဲ့ အင်အား ၅၀ ပါစစ်ကြောင်းဟာ တံခါးရင်းကျေးရွာထဲကို သေနတ်တွေပစ်ဖောက်ပြီး ဝင်ရောက်လာခဲ့တယ်လို့ ပြောပါတယ်။
“သူတို့ ဝင်လာတော့ ရှောင်တဲ့သူက ရှောင်ကြတယ်။ လူရှိတဲ့ အိမ်တွေကကျတော့ မယူဘူး။ လူမရှိတဲ့အိမ်က ပစ္စည်းတွေကိုတော့ ယူသွားကြတာ။ သူတို့လိုတဲ့ပစ္စည်းတွေ ကြိုက်တဲ့ပစ္စည်းတွေယူသွားကြတာ”လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၆ တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းက ကျေးရွာထဲ ထွက်ပြေးသွားသူတွေရဲ့ နေအိမ်က လုပ်ငန်းသုံးလိုက်ထရပ်အမျိုးအစား ကား ၂ စီး၊ ဆိုင်ကယ်အမျိုးအစားအစုံ အစီး ၂၀ ကျော်၊ စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေကအစ ယူသွားတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကြောင်းဟာ ညနေပိုင်းမှာတော့ ကျေးရွာကနေ ပုလဲမြို့ဘက်ကို သိမ်းယူသွားတဲ့ပစ္စည်းတွေယူဆောင်ကာ ထွက်သွားတယ်လို့ သိရပါတယ်။
စစ်ကြောင်းထွက်သွားပြီးနောက်မှာတော့ ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေ ကျေးရွာထဲကို ပြန်လည်ဝင်ရောက်နေထိုင်ကြရတယ်လို့ သိရပါတယ်။