မြင်းခြံ၊ အောက်တိုဘာ ၁၅၊ ၂၀၂၆။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းက မြို့နယ်တွေမှာ လက်နက်ခဲယမ်းရောင်းဝယ်မှု ပြုလုပ်သူတွေကို ပစ်ခတ်ဖမ်းဆီးကာ ကြီးလေးတဲ့ ပြစ်ဒဏ်ချမယ်လို့ မြင်းခြံခရိုင်စစ်ဌာနက အောက်တိုဘာလ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
တားမြစ်စာထုတ်ပြန်ရခြင်းမှာ မြင်းခြံခရိုင်းအတွင်း လက်နက်ခဲယမ်းရောင်းဝယ်မှုတွေကြောင့် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတားမြစ်ဖို့နဲ့ မသက်ဆိုင်သူတွေလက်ထဲ လက်နက်ခဲယမ်းတွေ မရောက်သွားစေဖို့ ရည်ရွယ်ပြီး ထုတ်ပြန်ရတာလို့ ဆိုပါတယ်။
“တပ်တွေမှာရှိနေတဲ့ ကျည်တွေကို တပ်တွေမှာပဲ ထိန်းသိမ်းထားပြီး တိုက်ပွဲဖော်ဆောင်နိုင်ဖို့ပါ။ ရောင်းဝယ်ဖောက်ကားမှူလုပ်တဲ့နေရာမှာ တပ်ဖွဲ့မှူးတွေ သိတာဖြစ်စေ မသိတာဖြစ်စေ ပြင်ပကို ထုတ်ရောင်းတာမျိုး မလုပ်နိုင်အောင်ပါ။ အမိန့်ဆိုတာက မဖြစ်ခင်ကြိုထုတ်တဲ့ သဘောမျိုးပါ။ ကျည်တွေသာ မသမာသူတွေလက်ထဲရောက်သွားရင် ဓားပြမှု၊ ပြန်ပေးမှုတွေဖြစ်လာနိုင်လို့ပါ”လို့ မြင်းခြံခရိုင် စစ်ဦးစီးအဖွဲဝင်တဦးက ပြောပါတယ်။
မြင်းခြံခရိုင်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့၊ ပကဖ၊ LPDF တပ်ဖွဲ့တွေအနေနဲ့ ခရိုင်အတွင်းမှာ လက်နက်၊ ခဲယမ်း ရောင်းဝယ်တာကို တားမြစ်လိုက်တာဖြစ်ပြီး တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ခဲ့ပါက ပစ်ခတ်ဖမ်းဆီးအရေးယူတာတွေ အပါအဝင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေချမှတ်သွားမှာဖြစ်တယ်လို့ မြင်းခြံခရိုင်စစ်ဌာန၊ ခရိုင်ကွပ်ကဲရေးမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
မြင်းခြံခရိုင်ထဲမှာ လက်နက်ကိုင်ဆောင်ပြီး အုပ်စုဖွဲ့ ဓားပြတိုက်လုယက်မှုတွေ ကျူးလွန်နေတဲ့သူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထားတာမျိုးတွေလည်းရှိနေတယ်လို့ မြင်းခြံခရိုင်ပကဖရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြင်းခြံခရိုင်အတွင်းမှာ အာဏာသိမ်းမှုပြီးနောက်ပိုင်း အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး ဓားပြတိုက်မှု၊ လုယက်မှုပေါင်း ၅၁ မှုနဲ့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု ၁၁ မှု ဖြစ်ပွားခဲ့ကာ ကျူးလွန်သူတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖော်ထုတ်ဖမ်းဆီးခဲ့ရသလို အဲဒီထဲမှာ စစ်အုပ်စုလက်အောက်ခံ ပျူစောထီးတွေပါ ပါဝင်ပြီး တချို့ကတော့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ မြင်းခြံခရိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
မြင်းခြံခရိုင်ထဲက မြို့နယ်တွေဖြစ်တဲ့ မြင်းခြံ၊ ငါန်းဇွန်၊ တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ အမြဲတမ်းလိုလို စစ်တပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေတဲ့ မန္တလေးတိုင်းအတွင်းက ခရိုင်တခုလည်း ဖြစ်ပါတယ်။