လိင်တူချစ်သူစာအုပ် ဖြန့်ချီရောင်းချသူတွေကို တရားစွဲမယ်

0 21
0 21

မြေလတ်အသံ၊ ဩဂုတ် ၂၈၊ ၂၀၂၆။

လိင်တူချစ်သူအချင်းချင်း ချစ်ကြိုက်ကြတဲ့ အကြောင်းရေးသားထားတဲ့ စာအုပ်တွေကို ဖြန့်ချီ ရောင်းချနေမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာအုပ်အရောင်းဆိုင်တွေဖြစ်တဲ့ ဆိုင် (၉) ဆိုင်ကို တရားစွဲဆိုမယ်လို့ အာဏာသိမ်းစစ်အစိုးရ ပြန်ကြားရေးဌာနက သတိပေးကြေညာလိုက်ပါတယ်။

လူမှုကွန်ရက်ပေါ်မှာ လိင်တူအချင်းအချင်းချစ်ကြိုက်တဲ့ BL (Boys’ Love)၊ GL (Girls’ Love) စာအုပ်တွေကို ရောင်းချနေတယ် အွန်လိုင်းအရောင်းစာမျက်နှာ (၉) ကို အသိပေးကြေညာချက်ဆိုပြီး ယနေ့ ဩဂုတ်လ(၂၈) ရက်နေ့ ထုတ် အာဏာသိမ်းစစ်အစိုးရပိုင် ကြေးမုံနဲ့ မြန်မာအလင်း သတင်းစာတွေကနေ ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ဝေဖြန့်ချီနေတဲ့ လိင်တူချစ်သူစာအုပ်တွေဟာ မြန််မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီခြင်းမရှိဘဲ လူငယ်တွေကို တွေးခေါ်မြော်မြင်မှုနဲ့ ခံစားနားလည်မှုကို လွဲမှားစေနိုင်တဲ့ စာအုပ်တွေဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် ဖြန့်ချီရောင်းချနေတဲ့ အွန်လိုင်းစာအုပ်ဆိုင် (၉) ဆိုင်မှာ (၃) ဆိုင်က ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ) ပါ မှတ်ပုံတင်စာရင်းသွင်းတာနဲ့ မူပိုင်ခွင့်လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ သတ်မှတ်ချက်နဲ့အညီ ဝန်ကြီးဌာနကို ပေးပို့ရမယ့်အချက်နဲ့ ပုဒ်မ ၁၅ ပါ လုပ်ငန်း အသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်တာ၊ ထုတ်ဝတာ မလုပ်ရဆိုတဲ့ တားမြစ်ချက်တွေကို ကျူးလွန်တယ်လို့လည်း ဆိုပါတယ်။

တရားစွဲမယ်လို့ ထုတ်ပြန်ကြေညာလိုက်တဲ့ အွန်လိုင်းစာအုပ်အရောင်းဆိုင်တွေ ကတော့ ရွှေအိမ်စာပေ၊ ဆူးခေတ်စာပေ၊ Chi စာပေ၊ ဘဝထက်စာပေ၊ ဧရိပ်- A Yeik၊ Alora Eleven Book House၊ Libra Book Shop (Chuu Sein)၊ Nway Oo Kant Kaw-နွေဦးကံ့ကော်စာအုပ်ဆိုင်နဲ့ Z For Zodiac တို့ တယ်လို့ ကြေညာပါတယ်။

ဒီထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်ပြီး LGBT အသိုင်းအဝိုင်းကြားမှာလည်း ပြစ်တင်ရှုံချမှုတွေနဲ့ ဝေဖန်မှုတွေ များပြားလာနေပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်အစိုးရက တရားစွဲမယ်လို့ ထုတ်ပြန်ကြေညာထားတဲ့ လူမှုကွန်ရက်စာအုပ်ဆိုင်တွေရဲ့ အွန်လိုင်းပေ့ချ်(Page) တွေဝင်ရောက်ကြည့်ရှု့လို့ မရတော့ပါဘူး။

သတင်း – စိုးဦး

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။