ဆော၊ ဇူလိုင် ၁၃၊ ၂၀၂၆။
မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းကို စေတုတ္တရာနဲ့ ပေါက်မြို့နယ်တွေကနေ စစ်အင်အား ၈၀၀ ကျော် ထပ်မံဝင်ရောက်လာနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့မှာ ပေါက် က.ပ.စ (၂၄) ကနေတဆင့် အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းဟာ ပေါက်နေတဆင့် ပလောင်း-ဆယ်မိုင်-ကျောက်တံခါး- ကျောက်မဲတောင်ကတဆင့် ဆောမြို့နယ် ပုံတောင်လမ်းအတိုင်း ချီတက်လာနေပြီး ကျောက်ထုမြို့ကိုဦးတည်နေသလို ဇူလိုင်လ ၁၁ ရက်နေ့ကစတင်ပြီး ပွင့်ဖြူကနေတဆင့် စလင်း-ကံပြားလမ်းအတိုင်း လောင်းရှည်မြို့ကို ဦးတည်ထွက်ခွာလာနေတယ်လို့ ဆိုပါတယ်။
“စလင်းကလာတဲ့စစ်ကြောင်းက လောင်းရှည် ကပစ ၂၅ ကိုဦးတည်နေတယ်။ အခုထိ မြောင်းဦးကိုတော့ ရောက်မလာသေးဘူး။ ညက ၂၅ မိုင်ထိရောက်နေပြီးလို့သိရတယ်။ မြောင်းဦးကနေဆို ကပစ ၂၅ ရောက်ဖို့ တနာရီ ကျော်လောက်ကားမောင်းရသေးတယ်။ ပေါက်က ရှေ့ပြေးအင်အား ၁၅၀ ကျော်က နတ်ထိပ်နဲ့တပြင်းမှာ ရှိနေပြီး။ ကျန်အင်အားက ပလောင်းတို့ရွာစဥ်တလျှောက်မှာရှိနေတယ်။”လို့ ဆောအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
စလင်းမြို့နယ်ဘက်လာတဲ့ စစ်ကြောင်းဟာ လောင်းရှည်ကနေတဆင့် ကန်ပက်လက်ကို စစ်အင်အားဖြည့်ဖို့လာနေသလို ပေါက်ကနေလာတဲ့ စစ်ကြောင်းက ကျောက်ထုကနေတဆင့် မင်းတပ်ကို စစ်အင်အားဖြည့်ဖို့လာနေတာလို့ ဆိုပါတယ်။
အဆိုပါစစ်ကြောင်းတွေမှာ ပြည်သူစစ်မှုထမ်းအပတ်စဥ် ၂၄ ဆင်း တပ်သားတွေအများဆုံးပါဝင်ပြီး အဆိုပါတပ်သားတွေပါဝင်လာတာကိုလည်း ပေါက်နယ်အတွင်းကနေ ထွက်လာတဲ့စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ ပြည်သူစစ်မှုထမ်းတပ်သား ၃ ဦးကနေ သိရှိရတာလို့ ဆိုပါတယ်။
မင်းတပ်နဲ့ ကန်ပက်လက်မှာ ဇူလိုင်လ ၁၂ ရက်နေ့အထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေပြီး၊ လေကြောင်းကနေ နေ့စဥ်ဗုံးကြဲနေပါတယ်။
မေလ ပထမအပတ်လောက်ကစတင်ပြီး စစ်ကော်မရှင်အင်အား ၂၀၀၀ ခန့်ဟာ ဆောမြို့နယ်အတွင်း ဝင်ရောက်လာပြီးနောက် အဲဒီကနေတဆင့် မင်းတပ်၊ ကန်ပက်လက်ဘက်ကို ထိုးစစ်ဆင်နေတာပါ။
တိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်ဘက်က ၁၅၀ ကျော်သေဆုံးပြီး ၂၀၀ ကျော်ထိခိုက်ဒဏ်ရာရထားသလို CPA ပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဇူလိုင်လ ၂ ရက်နေ့မှာ CPA ကသတင်းထုတ်ပြန်ထားပါသေးတယ်။
ယခင်က ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေဟာ မင်းတပ်မြို့နဲ့ ၂ မိုင်အကွာ၊ ကန်ပက်လက်မြို့နဲ့ ၆ မိုင်အကွာထိရောက်ရှိနေကာ ဇူလိုင်လ ၁၃ ရက်နေ့အထိ ရှေ့ဆက်မတိုးနိုင်သေးဘူးလို့ သိရပါတယ်။
တိုက်ပွဲနဲ့ စစ်ကြောင်းထိုးတာ၊ လေကြောင်းဗုံးကြဲမှုတွေကြောင့် ဆော၊ မင်းတပ်၊ ကန်ပလက်မြို့နယ်တွေက စစ်ဘေးရှောင်သူ တသိန်းဝန်းကျင်ထိရှိနေပြီး အများစုက နေရပ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။
ဓာတ်ပုံ- ဆောမြို့နယ်အဝင်ဆိုင်းဘုတ် (Google Earth)