တိုက်ပွဲမရှိပဲ လေကြောင်းကနေ ဗုံးကြဲခံရလို့ ဘုရားစေတီတွေ ပျက်ဆီး

0 0
0 0

ရေတာရှည်၊ ဇူလိုင် ၇၊ ၂၀၂၆

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာရှိ ဂူတောင်ဘုန်းကြီးကျောင်းကို လေကြောင်းကနေ
ဗုံးကြဲသွားလို့ ဘုရားစေတီတွေပျက်စီးခဲ့တယ်လို့ ရေတာရှည်မြို့နယ် ပကဖတာဝန်ရှိသူထံက သိရပါတယ်။

ဇူလိုင်လ ၇ ရက်နေ့မနက် ၁၀ နာရီ မိနစ် ၅၀ ခန့်မှာ တောင်ငူလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစီးဟာ ကျေးရွာထဲကို နှစ်ကြိမ်ဗုံးကြဲခဲ့တာလို့ဆိုပါတယ်။

“ဘာတိုက်ပွဲမှာ မရှိပဲလာကြဲတာ။ ဘုရားစေတီနဲ့ ဘုန်းကြီးကျောင်းပါမကျန် လေကြောင်း တိုက်ခိုက်နေတာ။ ရွာမှာက လူတွေကအနည်းအကျဥ်းလောက်ပဲရှိတာ။ အများစုက စစ်ရှောင်နေတာ။ ဒါကြောင့်လူထိခိုက်မှုတော့မရှိဘူး”လို့ ရေတာရှည်မြို့နယ်ပကဖတာဝန်ရှိသူတဦးကပြောပါတယ်။

ပုံစာ – လေယာဉ်နဲ့ဗုံးကြဲခံရလို့ နဂျပ်ကျေးရွာရှိ ဂူတောဘုန်းကြီးကျောင်း၊ စေတီနဲ့ သေဆုံးသွားတဲ့ နွားတကောင်
တွေပျက်စီး

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဘုရားစေတီတွေနဲ့ ဓမ္မာရုံပျက်စီးသွားကာ နွားတကောင်လည်းသေဆုံးသွားပါတယ်။

နဂျပ်ကျေးရွာဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကတည်းက ဒီကနေ့အထိ လေကြောင်းကနေ ဗုံးကြဲမှု ၄ ကြိမ်ခံထားရပြီး ရွာခံတွေက ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ကလည်း နဂျပ်ကျေးရွာကို စစ်ကော်မရှင်ဘက်က Y 12 နဲ့ ဗုံးကြဲခဲ့လို့ သက်ကြီးအမျိုးသား ၁ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ – လေယာဉ်နဲ့ဗုံးကြဲခံရလို့ နဂျပ်ကျေးရွာရှိ ဂူတောဘုန်းကြီးကျောင်း၊ စေတီနဲ့ သေဆုံးသွားတဲ့ နွားတကောင်
တွေပျက်စီး

ဇွန်လ ၃ ရက်နေ့လောက်ကစတင်ပြီး စစ်ကော်မရှင်အင်အား ၁၀၀၀ ခန့်ဟာ ရေတာရှည်မြို့နယ်အတွင်း ကျေးရွာတွေကို
စစ်ကြောင်းထိုးနေပြီး ဒရုန်းနဲ့ ဗုံးကြဲတာ၊ ဂျက်ဖိုက်တာ၊ Y 12 တွေနဲ့ ဗုံးကြဲတာတွေလည်းရှိနေပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ဇူလိုင်လ ၇ ရက်နေ့အထိ ဆယ်ဝါးတော၊ ကျွန်းကုန်း၊ ပိတောက်ကုန်း၊ အုတ်မြေတူး၊ ရွာသစ်၊ ဆွာမကြီးကျေးရွာတွေမှာ အင်အားဖြန့်ခွဲတပ်စွဲထားတယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးနေတာကြောင့် ပိတောက်ကုန်း၊ အုတ်မြေလူး၊ ဆီဆိုင်၊ အေးရွာလေး၊ ကျွန်းကုန်း၊ ရေတာရှည်လေး၊ ရေငံ၊ အင်းကြီးပေါက်၊ ခင်တန်းရွာသစ်၊ ကံလှ၊ ဂွေးသဲ၊ တောင်အင်းကုန်း၊ ကြာအင်းကုန်း၊ ကြိတ်ပုတီး၊ နဂျပ်၊ အင်းကြီး၊ စည်ပိုင်းရွာတွေအပါအဝင်ကျေးရွာပေါင်း ၂၀ ခန့်က ပြည်သူ ၁၀၀၀၀ ကျော်ထွက်ပြေးနေရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။