12 July 2026 6:35 AM

⁩ ⁨ဇီးကုန်းမြို့က ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးများ ရုပ်ထုဖျက်ဆီးခံရ

0 16
0 16

ဇီးကုန်း၊ ဇူလိုင် ၇၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့က ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ရုပ်ထုများကို ယမန်နေ့ညက ဖျက်ဆီးခံခဲ့ရတယ်လို့ ​မြို့ခံတဦးဆီက သိရပါတယ်။

ဇီးကုန်းမြို့ ရန်ကုန်-ပြည်လမ်း မီးပွိုင့်အနီးမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ရုပ်တုတွေကို ဘက်ဟိုးကား ၃ စီးနဲ့ ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

“ညတွင်းချင်း ကြေးရုပ်အရင်ချပြီး ဖောကားနဲ့အရင်သယ်သွားပြီး အာဇာနည်ရင်ပြင်တခုလုံး ဖျက်ဆီးလိုက်တာ၊ မဖျက်ခင် မီးတွေဖြတ် ကင်ပုန်းတွေ အရင်နေရာအနှံ့ချ ပြီးမှ ဖျက်လိုက်တာ” ​မြို့ခံတဦး ပြောပါတယ်။

ပုံစာ – ဖျက်စီးခံရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရင်ပြင်(ပုံဟောင်း)

အဲဒီနေရာကို ဖျက်ဆီးချိန် ၇ နာရီလောက်ကြာပြီး မနက် ၅ ​နာရီလောက်မှာ ပြီးစီးသွားသလို လက်ရှိမှာ အစိမ်းရောင် ပလပ်စတစ်စတွေနဲ့ ကာထားပြီး ကြေးရုပ်ထုကို ဖောကားနဲ့ ပြည်မြို့ဘက်ကိုသယ်သွားတယ်လို့ ဆိုပါတယ်။

အဲဒီ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ရုပ်ထုတွေကို ၂၀၁၇ ခုနှစ်က ပြည်သူများရဲ့ စုပေါင်းထည့်ဝင်ငွေနဲ့ မြို့ခံတွေက ကော်မတီဖွဲ့ကာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီကော်မတီထဲမှာ NLD ပါတီနဲ့ ကြံ့ခိုင်ပါတီ ပါတီဝင်အချို့လည်း ပါဝင်ကာ မြို့ခံတွေကတော့ ရင်ထုမနာဖြစ်ရတယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီရင်ပြင်အတွင်းမှာ ကြေး ၁၃၇ ပ်ိဿာအလေးချိန်ရှိပြီး အမြင့်ပေ ၈ ပေရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ထုနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ရုပ်ထုတွေလည်းပါဝင်ကာ အဲဒီအချိန်က ကျပ်သိန်း ၃၀၀ ​ကျော်ကုန်​ကျခဲ့တယ်လို့လည်း သိရပါတယ်။

ရုပ်ထုဖျက်စီးခံရတာနဲ့ ပတ်သက်ပြီး ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်တော်လှန်ရေးအင်အားစုက ရဲဘော်တဦးကလည်း “ဒါဟာတကယ်ကို အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်တယ်။ အာဏာရှင်မိစ္ဆာတွေခိုင်းတာကို တသွေမတိမ်းလိုက်လုပ်တဲ့ လူယုတ်မာတွေကိုလည်း အံ့သြတယ်။ တော်တော်လေး ယူကျုံးမရဖြစ်ရတယ်။ တော်တော်လေးကိုပဲ စစ်အာဏာရှင်ကို ရွှံရှာမုန်းတီးမိတယ်။ ကျနော်တို့မှာ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်တဲ့ချစ်ပိုင်ခွင့်တောင် လိုက်တားမြစ်နေတယ်ဆိုရင် လူထုကလည်း ဘယ်လောက်တောင် မုန်းနေလဲဆိုတာ ဒီကောင်တွေ သိဖို့ကောင်းတယ်” လို့ ပြောပါတယ်။

အခုလ ဇူလိုင် ၅ ရက်ညကလည်း ပဲခူးတိုင်းအနောက်ခြမ်းနဲ့ နယ်မြေထိစပ်နေတဲ့ မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိုလည်း ညဘက်မှာ မီးဖြတ်ပြီး လုံခြုံရေးအပြည့်ချကာ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။