ပေါက်ခေါင်း၊ ဇွန် ၃၀၊ ၂၀၂၆
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမပေါ်ရှိ တောင်လည်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၃ ဦးသေဆုံးတယ်လို့ ဇွန်လ ၃၀ ရက်နေ့မှာ ရွှေတောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထား ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က တောင်လည်တာဝါတိုင်အထိုင်စခန်းကနေ ပေါက်ခေါင်းမြို့ဘက်ကို အင်အား(၅၀)ခန့်နဲ့ ထွက်လာတဲ့ စစ်ကြောင်းကို အရှေ့ကြို့ကုန်းရွာနဲ့ မုံညှင်းကွင်း(အရပ်ဒေသခေါ်)အရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့သလို ယင်းစစ်ကြောင်းအား ထပ်မံပြီး ညနေ ၃ နာရီခွဲခန့် တောင်လည်စခန်းကို ပြန်လာစဥ် ထပ်မံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အဲနေ့က ၅၃ တပ်ကနေကြီးတက်လာပြီးတော့ တောင်လည်ရောက်နေတာ။ အဲကနေပြန်ဆင်းတဲ့ မနက်ပိုင်းမှာ ဖြတ်တိုက်တာ။ သူတို့ကိုတိုက်ပြီးတော့ တောင်လည်စခန်းကို ချက်ချင်းသွားပစ်တော့ အဲစစ်ကြောင်းက တောင်လည်စခန်းကိုပြန်လာချိန် လမ်းမှာဖြတ်တိုက်တာ။ မနက်ပိုင်းတိုက်ပွဲက မိနစ်ပိုင်းပဲ။ ညနေပိုင်းဖြစ်တာမှာတော့ တနာရီလောက်ကြာတယ်။” လို့ ရွှေတောင်မြို့နယ်ပကဖတာဝန်ခံကပြောပါတယ်။
တိုက်ပွဲ ၂ ကြိမ်အတွင်း ညနေပိုင်းတိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ကာ လက်နက်တွေတော့သိမ်းဆည်းရမိတာမရှိခဲ့သလို ပူးပေါင်းအဖွဲ့တွေဘက်ကတော့ ထိခိုက်တာလည်း မရှိဘူးလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကော်မရှင်အဖွဲ့ဟာ တောင်လည်တပ်စခန်းထဲမှာ ဝင်ရောက်တပ်စွဲနေထိုင်နေတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ရွှေတောင်မြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့၊ ပြည်ခရိုင်အမှတ်(၂)တပ်ရင်း၊ တပ်ခွဲ(၄)၊ တပ်ခွဲ(၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကလည်း ပေါက်ခေါင်းမြို့နယ်၊ ငါးရွေးအိုင်ကျေးရွာနဲ့ ကိုးခွကျေးရွာအကြား တိုက်ပွဲဖြစ်ပြီး စစ်ကော်မရှင်တပ်သား ၅ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။