တောင်သာ၊ ဧပြီ ၆၊ ၂၀၂၆။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပန်းပေါင်းကျေးရွာရှိ ပကဖ စစ်ဆေးရေးဂိတ်နဲ့ ကျေးရွာထဲကို စစ်ကော်မရှင်စစ်ကြောင်းက ပစ်ခတ်၀င်ရောက်ကာ ဒရုန်းနဲ့ပါဗုံးချတိုက်ခိုက်တာကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့တယ်လို့ တောင်သာမြို့နယ်ပကဖတာဝန်ရှိသူဆီက သိရပါတယ်။
ဧပြီ ၅ ရက်မနက် ၉ နာရီခန့်မှာ တောင်သာမြို့ဘက်ကနေထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါစစ်ကော်မရှင်စစ်ကြောင်းဟာ ပန်းပေါင်းကျေးရွာအနီးက ပကဖစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကျေးရွာထဲကို ဒရုန်းနဲ့ဗုံးသီးချသလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
“ဒရုန်းရော လက်နက်ကြီးတွေနဲ့ရော ညှပ်ပစ်ပြီးဝင်တာဆိုတော့ ဒီဘက်ဆုတ်ပေးလိုက်ရတယ်။ ရွာထဲလည်းဒရုန်းနဲ့ဗုံးချတာတွေရှိတယ်။ နေအိမ်ပျက်စီးတယ်လူထိတယ်။ ဒီမနက် ရွာထဲဝင်မီးရှို့တာရှိတယ်”လို့တောင်သာမြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။
စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပကဖအဖွဲ့ဝင် ၁ ဦးဒဏ်ရာရခဲ့ပြီး လက်နက်ပစ္စည်းဆုံးရှုံးတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ရွာထဲဒရုန်းဗုံးချတိုက်ခိုက်ချိန် အသက် ၅၈ နှစ်အရွယ်နဲ့အသက် ၆၈ နှစ်အရွယ် အမျိုးသမီး ၂ ဦးသေဆုံးပြီး အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦးဒဏ်ရာရတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဒရုန်းဗုံးချတိုက်ခိုက်မှုအတွင်း နေအိမ် ၄ လုံးပျက်စီးခဲ့ရပြီး ဧပြီ ၆ ရက်မနက် ၈ နာရီခန့်မှာလည်း ရွာထဲကိုစစ်ကြောင်းဝင် မီးရှို့နေပြီး နေအိမ်အပျက်အစီးတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
စစ်ကြောင်းက ရွာထဲဝင်မီးရှို့နေတဲ့အတွက် အိမ်ခြေ ၃၀၀ ခန့်မှ လူဦးရေ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကော်မရှင်ထောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပန်းပေါင်း PDF ဂိတ်ကိုဝင်ရောက်စီးနင်းချိန် PDF ၁ ဦးသေဆုံးပြီး လက်နက်အချို့သိမ်းဆည်းရမိခဲ့သလို ဂိတ်ကိုလည်းဖျက်ဆီးနိုင်ခဲ့တယ်လို့ ရေးသားဖော်ပြထားကြပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်ကလည်း တောင်သာမြို့နယ်၊ ပဲလင်းကျော်ကျေးရွာကို စစ်ကော်မရှင်စစ်ကြောင်းက ဝင်ရောက်မီးရှို့လို့ နေအိမ်နဲ့ဘုန်ကြီးကျောင်းအပါအဝင် အဆောက်အဦ ၅၀ ကျော် မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း