မြေလတ်အသံ၊ မတ် ၁၈၊ ၂၀၂၆။
စစ်ကော်မရှင်က ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာ ၎င်းတို့ရဲ့လက်အောက် အရေးကြီးဝန်ကြီးဌာနတချို့ရဲ့ ဒုတိယဝန်ကြီးနေရာတွေကို အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။
စစ်ကော်မရှင်က ပြည်ထဲရေးဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ် မင်းသူ၊ စက်မှုဒုဝန်ကြီးအဖြစ် ဦးသွင်အောင် ၊ပို့ဆောင်ဆက်သွယ်ရေးဒုဝန်ကြီးအဖြစ် ဦးသက်ဝင်းအောင် တို့ကို အစားထိုးခန့်အပ်တယ်လို့ ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်လာတာပါ။
အဲ့ဒီထဲက စက်မှုနဲ့ ပို့/ဆက် ဒုဝန်ကြီးတွေဖြစ်လာတဲ့ ဦးသွင်အောင်နဲ့ ဦးသက်ဝင်းအောင် တို့ဟာ စစ်ကော်မရှင်တပ်ရဲ့အသက်သွေးကြော ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) လက်နက်ထုတ်လုပ်ရေးစက်ရုံတွေရဲ့ စက်ရုံမှူးတာဝန်ယူထားတဲ့ ဗိုလ်မှူးချုပ် သွင်အောင်နဲ့ ဗိုလ်မှူးကြီး သက်ဝင်းအောင် တို့ဖြစ်တယ်လို့ ကပစတပ်အသိုင်းအဝိုင်းထံက သိရပါတယ်။
ဗိုလ်မှူးချုပ် သွင်အောင် ဟာ ဒုဝန်ကြီးအဖြစ်ခန့်အပ်မခံရမီအထိ နေပြည်တော်၊ တပ်ကုန်းအခြေစိုက် အမှတ် ၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၄) စက်ရုံမှူးတာဝန်ရယူခဲ့သူဖြစ်ပြီး ကပစ ၄ ဟာ ကပစ တပ်တွေအနက် နည်းပညာမြင့်ထုတ်လုပ်ရေးတပ်ဖြစ်ပြီး တခြားလက်ရုံးတပ်တွေနဲ့ ချိတ်ဆက်ကာ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ စက်ရုံဖြစ်တယ်လို့ ကပစအသိုင်းအဝိုင်းက ပြောပါတယ်။

ဗိုလ်မှူးကြီး သက်ဝင်းအောင် ကတော့ မကွေးတိုင်း၊ စေတုတ္တရာမြို့အခြေစိုက် အမှတ် ၂၀ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၀)စက်ရုံမှူးဖြစ်ပြီး လက်ရှိစစ်ကော်မရှင်မှာအရေးပါတဲ့ ဗိုလ်ချုပ်ကြီး(ဟောင်း) မြထွန်းဦး ပြည်ထောင်စုဝန်ကြီးတာဝန်ယူထားတဲ့ ပို့/ဆက်ဝန်ကြီးဌာနမှာ ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။
စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့အရာရှိချုပ်ရုံး(ကကထုတ်) က ၎င်းယုံကြည်ရတဲ့ ဗိုလ်ချုပ်တချို့ကို အရပ်ဘက်ဝန်ကြီးတွေအဖြစ် ပြောင်းရွှေ့တာဝန်ပေးခဲ့ပေမယ့် ကပစစက်ရုံမှူးတွေကိုတော့ အရပ်ဘက်ပို့ဆောင်တာတော့ ရှားပါတယ်။
ယခင် ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဗိုလ်ချုပ် ကိုကိုလွင် ကို လက်ရှိစွမ်းအင် ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး လက်ရှိမှာလည်း ဦးကိုကိုလွင်က ပန်းတောင်းမြို့နယ်ပြည်သူ့လွှတ်တော် အမတ်အဖြစ် ကြံ့ခိုင်ရေးပါတီကနေ အနိုင်ရထားပါတယ်။
ဗိုလ်ချုပ် ကိုကိုလွင်နဲ့ ကပစတပ်က အင်ဂျင်နီယာအရာရှိတွေဟာ နေပြည်တော်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တည်တဲ့ မာရဝိဇယဘုရားကို ဦးစီးတည်ဆောက်ခဲ့တာဖြစ်ပြီး အဲ့ဒီဘုရားပြီးစီးချိန် ၂၀၂၃ နှစ်လယ်ပိုင်းမှာ စွမ်းအင်ဝန်ကြီး ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။