ဒေသခံနေအိမ်ထဲ လက်နက်ပြလုယက်တဲ့ ရဲတပ်သားကို PDF ဖမ်းထား

0 16
0 16

ပခုက္ကူ၊ မတ် ၃၊ ၂၀၂၆။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ကျေးရွာမှာအထိုင်ချပြီး ပြည်သူနေအိမ်တွေကို ဝင်ရောက်ကာ လက်နက်ပြလုယက်နေတဲ့ရဲတပ်သားကို ဖမ်းဆီးထားတယ်လို့ ဒေါင်းညီနောင် ပြည်သူကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။

ဖမ်းဆီးရမိထားတဲ့ ရဲတပ်သားဟာ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်သား ကော့သောင်းသားလေး (ခ) သူရအောင်ဆိုသူဖြစ်ပြီး မတ်လ ၁ ရက် မနက် ၁ နာရီခန့်မှာ ရွာထဲကနေအိမ် ၁ အိမ်ကိုဝင်ရောက်ပြီး သေနတ်ပြလုယက်နေရာက အိမ်ရှင်တွေရဲ့အော်ဟစ်မှုကြောင့် ထွက်ပြေးချိန်မှာ ရွာအရှေ့တောင်ပိုင်းမှာ ပစ်ခတ်ဖမ်းဆီးခဲ့တာ လို့ ဆိုပါတယ်။

“သူတို့က ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာ။ ရွာထဲမှာကျန်နေတဲ့ပြည်သူတွေရှိသေးတယ်။ နေတဲ့ပြည်သူနေအိမ်တွေကို ဒီကောင်တယောက်တည်း ညညထွက်ပြီး သေနတ်ထောက်ပြီးဓားပြတိုက်တယ်။ ရွှေတွေ့ရွှေယူတယ်။ ဖုန်းတွေ့ဖုန်းယူတယ်။ အကြမ်းဖက်တာတွေလုပ်တာပေါ့။ သတင်းရလို့သွားစောင့်တဲ့နေ့မှာ ပြည်သူကိုဓားပြဝင်တိုက်တာမှာ ပြည်သူကထအော်တော့ ပြည်သူကိုသေနတ်နဲ့ပစ်ပြီးတော့ ထွက်ပြေးလာတဲ့အချိန်မှာ လိုက်လံပစ်ပြီးဖမ်းခဲ့တာ”လို့ ဒေါင်းညီနောင်ပြည်သူကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးကုလားကပြောပါတယ်။

အဆိုပါရဲတပ်သားကိုဖမ်းမိချိန်မှာ G3 သေနတ် ၁ လက်၊ ကျည် ၂၇၈ တောင့်၊ 9 mm ပစ္စတိုကျည် ၂၂ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ဖုန်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်သားက ပစ်ခတ်ခဲ့တဲ့ကျည်ထိမှန်လို့ အသက် ၂၈ နှစ်အရွယ် အိမ်ရှင်အမျိုးသမီးမှာ ခြေထောက်ကျည်ထိဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရတယ်လို့လည်း သိရပါတယ်။

ရွာအနောက်ဘက်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေအထိုင်ချထားတဲ့ ဘုန်းကြီးကျောင်းနဲ့ အခုဖမ်းဆီးခဲ့တဲ့နေရာဟာ မီတာ ၃၅၀ ခန့်ကွာဝေးပြီး ဖမ်းဆီးပြီးနောက် အမြန်ဆုတ်ခွာလာရတယ်လို့ ဆိုပါတယ်။

လတ်တလောစစ်ဆေးချက်အရ အဆိုပါရဲတပ်သားမှာ ကျေးရွာထဲကနေ သေနတ်ပြပြီး ဓားပြတိုက် လုယက်မှုကျူးလွန်ထားတာ ၈ ကြိမ်ရှိပြီး ဖုန်း ၈ လုံး၊ ငွေသား ကျပ် သုံးသောင်း၊ ရွှေလက်စွပ် ၁ ကွင်း၊ ဆွဲကြိုး ၁ ကုံးသာ ရရှိကြောင်းထွက်ဆိုထားပြီး စစ်ဆေးမှုတွေဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အချုပ်နဲ့ထိန်းသိမ်းထားကာ စစ်သုံ့ပန်းဥပဒေအရ အရေးယူသွားမှာဖြစ်သလို ကျူးလွန်ထားတဲ့ပြစ်မှုအလိုက် ထပ်မံအရေးယူဖို့လည်းရှိနေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။