အောင်လံမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ နေအိမ် ၂၀ ကျော်မီးလောင်ပြီး ဒေသခံထောင်ချီ ထွက်ပြေးနေရ

0 19
0 19

အောင်လံ၊ မတ် ၃၊ ၂၀၂၆။

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ မှန်ပြတောင်နဲ့ ဘွတ်ကြီးတံတားအထိုင်ချ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ပြည်သူ ၃ ဦးထိခိုက်ကာ နေအိမ် ၂၈ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၁ ရက်မှာ ကပစ ၇ တပ်ရဲ့လမ်းပေါက် မှန်ပြတောင်ပေါ်မှာအထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်က လက်နက်ကြီး အလုံး ၂၀ ကျော်ပစ်ခတ်ခဲ့ရာ ဒါစမ်းကျေးရွာထဲနဲ့ ရွာအပြင်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၂ ရက်မှာလည်း ဘွတ်ကြီးတံတားအထိုင်ချ စစ်ကော်မရှင်အဖွဲ့က စုရွာကို လက်နက်ကြီး ၉ လုံးပစ်ခတ်ရာ ရွာအပြင်ဘက် တောစပ်နားတွေကျရောက်ပေါက်ကွဲခဲ့ပြီး မတ်လ ၃ ရက်မနက် ၉ နာရီခန့်မှာကန်စွန်းအင်းရွာဘက်ကို လက်နက်ကြီး ၁၁ လုံးပစ်ခတ်ခဲ့ရာမှာလည်း ရွာအပြင်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ စီရွာ ဒေသခံတဦးက ပြောပါတယ်။

“ဒါစမ်းကတော့ ဘုန်းကြီးကျောင်းပေါ် ၁ လုံးကျတာ သစ်သားဆောင်မီးလောင်သွားတယ်။ အရှေ့ပိုင်းဘက်က အိမ် ၁ လုံးကို တည့်တည့်ကျတယ်။ သက်ကယ်နှီးဖျာနေတဲ့ ရွာသားထိခိုက်မှုရှိတယ်။ အဲ့မှာ(အိမ်) ၂၈ လုံးမီးလောင်တယ်။ မနေ့မနက်က ၉ ချက်ရွာတွေပေါ်တော့မကျဘူး။ စီရွာအနောက်ဘက် ၁ လုံး။ ပြားကြီးအနောက်ဘက် ၁ လုံး။ ဒါလျှိုမြောင်မှာ ၁ လုံးတော့သိရတယ်။ ကျန်တာဘယ်နားကျလဲ မသိရဘူး။ ဒီမနက်တော့ ၁၁ ချက်ထပ်ပစ်တာ ရွာထိခိုက်မှုတော့မရှိဘူး”လို့ စီရွာ ဒေသခံတဦးက ပြောပါတယ်။

စစ်ကော်မရှင်အဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒါစမ်းကျေးရွာက ဘုန်းကြီးကျောင်း အပါအဝင်နေအိမ် ၂၈ လုံးမီးလောင်ပျက်စီးပြီး ရွာခံ အသက် ၄၀ ဝန်းကျင်အမျိုးသား ၃ ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

စီရွာနဲ့ကန်စွန်းအင်းရွာတွေမှာတော့ လူထိခိုက်ဒဏ်ရာရ နေအိမ်ပျက်စီးတာမရှိဘဲ အိမ်ခြေ ၂၀၀ ကနေ ၅၀၀ ကြားရှိတဲ့ ဆင်တုတ်(ချင်းကုန်းကြီး)၊ အင်းတော်သာ၊ အင်းရွာကြီး၊ ဒါးစမ်း၊ ကန်စွန်းအင်း၊ ကျောက်ဆောင်းရွာအပါအဝင် ကျေးရွာ ၁၀ ရွာခန့်က ပြည်သူ ၅,၀၀၀ ကျော် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မတ်လ ၃ ရက်နေ့လယ်ပိုင်းမှာတော့ ဒါးစမ်းရွာခံအချို့ကျေးရွာထဲ ပြန်လည်ဝင်ရောက်ပြီး နေအိမ်အပျက်အစီးတွေကို ရှင်းလင်းနေကာ ကျန်တဲ့ကျေးရွာတွေကတော့ ရွာထဲကိုမပြန်ကြသေးဘူးလို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။