ပုလဲက စစ်အုပ်စုစခန်း တိုက်ခိုက်ခံရလို့ ၁၀ ဦးထက်မနည်း သေဆုံးဟုဆို

0 0
0 0

စစ်ကိုင်း၊ ဇွန် ၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှာ အင်အား ၅၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်အုပ်စုစခန်း တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၅ ရက် မနက် ၃ နာရီလောက်မှာ စစ်သား၊ ရဲနဲ့ပျူစောထီးတွေ စုဖွဲ့နေထိုင်တဲ့ ဇီးဖြူကုန်းစခန်းကို PDF ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ၂ နာရီကျော်ကြာ တိုက်ခိုက်ခဲ့တာလို့ တပ်ရင်းအမှတ် (၂၉) ဒေါင်းမင်းပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ခွဲ (၅) Golden Star Force ခေါင်းဆောင်ဗိုလ်တိုက်ဂါးက ပြောပါတယ်။

“လက်နက်ကြီး တပ်ပေါင်းစုအနေနဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာ။ သူတို့စခန်း တိုက်ခံရတော့ စကစဘက်က လေကြောင်းအကူအညီတောင်းလို့ လေကြောင်းပစ်ကူလာလို့ ပြန်ဆုတ်ခဲ့ကြတယ်။ လေယာဥ်ကတော့ တစီးဘဲလာပစ်တာ။” လို့ ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ သို့သော် ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီဘက်က လေယာဥ်နဲ့လာရောက်ပစ်ခတ်ပေမယ့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်သလို ဒေသခံတွေထိခိုက်တာလည်း မရှိဘူးလို့ ဆိုပါတယ်။

“ဇီးဖြူကုန်းရွာက အခြားရွာတွေနဲ့ကပ်လျက်မဟုတ်ဘဲ ကွင်းထဲမှာ သီးသန့်ရှိတာမျိုးဆိုတော့ ကျနော်တို့ဘက်က ပစ်ပြီး ၂ နာရီလောက်ကြာမှ လေယာဥ်ပစ်ကူက လာပစ်တာ။ ပြန်ဆုတ်လာတာက ဝေလီဝေလင်း အချိန်မို့လို့ ကံကောင်းသွားတာ”လို့ ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို တပ်ရင်းအမှတ်(၂၉) ဒေါင်းမင်းပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ခွဲ (၅) Golden Star Force၊ နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ B.E.D၊ E.D.F၊ S.B.T.F၊ M.R.D.A တပ်ခွဲ (၆) စွန်ရဲ၊ တောကျီးကန်း ပြည်သူ့ကာကွယ်ရေးတပ်၊ F.B.G.A၊ ယက္ခညီနောင်၊ ခရိုင်တပ်ရင်း (၃၁) ဘဂျမ်း၊ ရောင်နီဦးနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်ကနေ ၄ ရက်နေ့အထိလည်း အဲ့ဒီ ဇီးဖြူကုန်းကျေးရွာတပ်စခန်းက စစ်သားတွေနဲ့ ဒေသခံမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

အလားတူ မေလ ၁၀ ရက်နေ့မှာ ပုလဲမြို့နယ်၊ ကန်ဒေါင့်ကျေးရွာ နဂါးမတောင်အနီးရှိ စစ်သား၊ ရဲနဲ့ ပျူ အင်အား ၇၀ လောက် တပ်စွဲထားတဲ့နေရာကို ကာကွယ်ရေးအဖွဲ့တွေတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ပူးပေါင်းတပ်တွေဘက်က ၉ ဦး မစိုးရိမ်ရဒဏ်ရာ၊ ၁ ဦး စိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။