အုတ်တွင်း၊ ဇန်နဝါရီ ၁၉၊ ၂၀၂၆။
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နဲ့ ဇေယျာဝတီကြား၊ ညောင်လွင့်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ တွဲကား ၁ စီးနဲ့ ဆီဘောက်ဆာ ၁ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၉ ရက်မနက် ၁ နာရီကျော်မှာ လက်နက်ကိုင်ဆောင်ထားသူအချို့က အဆိုပါကား ၂ စီးကိုတားပြီး လမ်းပိတ်မီးရှို့ခဲ့တာလို့သိရကြောင်း သူကပြောပါတယ်။
“ကားတားပြီးတော့ ကားပေါ်က လူတွေဆင်းခိုင်းပြီး မီးရှို့တာလို့တော့ သိရတယ်။ တိုက်ပွဲဖြစ်လား၊ မဖြစ်လားဆိုတာကတော့ ကားမီးရှို့ပြီး သေနတ်ဘာညာဖောက်တာကြားတယ်။ တိုက်ပွဲဖြစ်တာ မဟုတ်ဘူးလို့ထင်တယ်။ အဲ့နားမှာ စစ်တပ်ဂိတ်မရှိဘူး”လို့ ဖြစ်စဥ်ကိုသိရှိတဲ့ဒေသခံတဦးက ပြောပါတယ်။
ညောင်ခြေထောက်ရဲစခန်းနဲ့ ၁ မိုင်ခန့်ကွာဝေးပြီး ကားမီးရှို့ခံရပြီးနောက် လက်နက်ငယ်ပစ်ခတ်သံ ၃ မိနစ်ဝန်းကျင်ကြားရတယ်လို့ မီးရှို့ခံရတဲ့နေရာအနီးကဒေသခံတဦးရဲ့ပြောပြချက်ကိုကိုးကားပြီး သူက ဆက်ပြောပါတယ်။
မီးရှို့ခံရပြီးနောက် မနက် ၅ နာရီကျော်မှာ မီးသတ်အဖွဲ့တွေဘက်က မီးလာငြှိမ်းသတ်ခဲ့ကာ မနက် ၇ နာရီလောက်မှာတော့ လမ်းပိတ်နေတဲ့ ကား ၂ စီးကို စစ်ကော်မရှင်ဘက်က ရှင်းလင်းရေးလုပ်ခဲ့ပြီးနောက် ပိတ်မိနေတဲ့ကားတွေ ပုံမှန်အတိုင်းပြန်လည်သွားလာနေကြပြီလို့ သိရပါတယ်။
ဒီကားတွေကို ဘယ်သူတွေကဘာကြောင့်မီးရှို့တယ်ဆိုတာမသိရသေးဘဲ ကားမီးလောင်နေချိန် ရှင်းလင်းရေးလုပ်ချိန် ၆ နာရီကြာ ကားတွေလမ်းပိတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၉ ရက်ကလည်း ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့အပါအဝင် စစ်ကော်မရှင်တပ်စခန်း ၁၄ ခုတိုက်ခိုက်ခံရစဥ်ကလည်း တောကျွဲအင်းမြို့အထွက်နဲ့ စည်ပင်သာကျေးရွာအနီးမှာ ကုန်တင်ယာဥ် ၂ စီး မီးရှို့ခံရပြီး ပျက်စီးခဲ့တဲ့ဖြစ်စဥ် ရှိခဲ့ပါသေးတယ်။
စာတည်း – လင်း