ခင်ဦးက ရွာသစ်ရွာကို စစ်တပ်က မနက်အစောကြီး မီးဝင်ရှို့လို့ ဒေသခံ ၃,၀၀၀ ကျော်ထွက်ပြေးနေရ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်က ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်သားတွေက ဇွန်လ ၁ရက် ဒီမနက် ၅ နာရီကျော်မှာ ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့နေတာကြောင့် ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ် ရေဦး-ညောင်ပင်သာ ကားလမ်းဘေးက အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ ရွာသစ်ကျေးရွာကို အင်အား ၅၀ ကျော်ပါတဲ့ စစ်ကာင်စီနဲ့ပျူစောထီပူးပေါင်းအဖွဲ့က တိုက်ပွဲမဖြစ်ဘဲ လက်နက်ငယ်တွေ ပစ်ခတ်ကာ ကျေးရွာအဝင်းသို့ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့နေတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။

“ရွာသားတွေက ထွက်ပြေးချိန်မရလိုက်ဘူးဗျ။ အိမ်ဘယ်လောက် မီးရှို့နေတာလည်းဆိုတာကိုတော့ မသိရ သေးဘူး။ ရွာထဲက မီးခိုးတွေ၊ မီးလောင်နေတာတွေကို အခုထိမြင်နေရတယ်။ စကစနဲ့ပျူတွေကတော့ ရွာရဲ့ဘုန်းကြီးကျောင်းမှာ ဝင်နေတယ်လို့သိရတယ်။ ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေတော်တော်များများ ရှိနိုင်တယ်” လို့ သူကဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်သားတွေဟာ ရွာသစ်ကျေးရွာရဲ့ ဘုန်းတော်ကြီးကျောင်းထဲမှာ တပ်စွဲထားတာကြောင့် ရွာသစ်ကျေးရွာအပါအဝင် ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ မူးသာကျေးရွာ စတဲ့ကျေးရွာတွေက ဒေသခံ ၃,၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ရွာသစ်ရွာကို ဝင်ရောက်မီးရှို့နေတဲ့ စစ်ကြောင်းဟာ မေလ ၃၁ ရက် မနက်ပိုင်းမှာ ပျဥ်ထောင်(ပျူ)ကျေးရွာက စပါးတွေကို လှည်း ၂၀ ကျော်နဲ့ ရေဦးမြို့ကို သယ်ယူနေချိန် ရေဦး-ခင်ဦးကားလမ်းပေါ်အရောက်မှာ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၈ လုံးချ တိုက်ခိုက်တာကိုခံလိုက်ရတဲ့ စစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်။

အာဏာသိမ်းပြီးအချိန်ကစလို့ ခင်ဦးမြို့နယ်တခုတည်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ခံရတဲ့ ကျေးရွာ ၇၄ ရွာအထိရှိလာခဲ့ပြီး အိမ်ခြေ ၅,၀၀၀ကျော် မီးလောင်ပြာကျပျက်စီးကာ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြရတဲ့ ဒေသခံပြည်သူပေါင်း ၃၀,၀၀၀ ဝန်းကျင်ရှိနေပြီဖြစ်တာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောဆိုထားပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။