31 July 2026 7:02 AM

ရေဦးမြို့မရဲစခန်းက ရဲတပ်သား လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံ

0 2
0 2

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မရဲစခန်းက ရဲတပ်သား ၁ ဦး လက်နက်တွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ ဖေဖော်ဝါရီ ၇ ရက်မှာ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဘက်ပြောင်းခိုလှုံလာသူက ရေဦးမြို့မရဲစခန်းမှာ လုပ်သက် ၅ နှစ်ရှိ အသက် ၂၃ နှစ်အရွယ် ရဲတပ်သား အောင်သျှိုင်းကျော်ဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်မှာ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးဆီ ဘက်ပြောင်းခိုလှုံလာတာလို့ ဆိုပါတယ်။

“စကစရဲ့ လုပ်ရပ်ကိုလက်မခံနိုင်တော့လို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းချင်တယ်ဆိုလို့ထွက်လာတာ။ သူရဲ့အတွင်းကကိစ္စတွေ၊ မိသားစုလုံခြုံရေးအခြေနေတွေကြောင့် အခုမှ ထုတ်ပြန်ရတာပါ။ ကျနော်တို့ဘက်က မြောက်ပိုင်းပကဖကို ဖုန်းနဲ့ချိတ်ဆက်ပြီး အလင်းဝင်လာတာပါ။”လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

ရဲတပ်သားရဲ့စိတ်ဆန္ဒအရ တော်လှန်ရေးအဖွဲ့တွေနဲ့အတူ လက်တွဲဆောင်ရွက်လိုပါက အချိန်အတိုင်းအတာတခုထိစောင့်ကြည့်ပြီး ပါဝင်ခွင့်ပေးသွားမှာဖြစ်သလို စီးပွားရေးလုပ်ချင်ရင်လည်း လိုအပ်တဲ့ အကူအညီပေးသွားမှာလို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကပြောပါတယ်။

ဘက်ပြောင်းခိုလှုံလာတဲ့ ရဲတပ်သားဟာ G3 ၁ လက်၊ ကျည်ဆန် ၁၈၀၊ ကျည်အိမ် ၄ ခု၊ ကျည်ကာအင်္ကျီ ၁ ထည်၊ လက်ပစ်ဗုံး ၁ လုံးယူဆောင်လာခဲ့ပြီး သူ့ကို ကျပ်သိန်း ၅၀ ချီးမြှင့်ပေးထားတယ်လို့ သိရပါတယ်။

“ကျနော်က လက်နက်နဲ့စစ်ရေးပြလုပ်လိုပါတယ်။ အဲ့ဒီနေ့က စခန်းကိုသွားရမှာ။ သေနတ်လွယ်သွားလို့ရတယ်ဆိုတော့ တခါတည်းထွက်လာလိုက်တာ။ ပုံမှန်ဆို သေနတ်လွယ်သွားလာလေ့မရှိဘူး။ ကျနော်က မြို့အထွက်ဂိတ်မှ တာဝန်ကျနေတာ။ အဲကနေ စခန်းကိုသွားရမှာကို စခန်းကိုမသွားတော့ဘဲ လမ်းကြားကနေချိုးပြီး ထွက်လာလိုက်တာ။”လို့ ဘက်ပြောင်းခိုလှုံလာတဲ့ ရဲတပ်သား အောင်သျှိုင်းကျော်က ပြောပါတယ်။

စစ်အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ ဘက်ပြောင်းခိုလှုံလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး ၁ ဦးအပါအဝင် ၅ ဦး၊ ရဲတပ်သား ၁ ဦး စုစုပေါင်း ၆ ဦးထိရှိနေပြီး ဗိုလ်ကြီးအပါအဝင် ၃ ဦးကတော့ တပ်ဖွဲ့မှာပါဝင်ပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကပြောပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။