ရန်ကုန်-မော်လမြိုင်လမ်းမှာ ရပ်ထားတဲ့ကုန်တင်ကားကို အိမ်စီးကားက တိုက်မိပြီး ကလေး ၁ ဦးသာ အသက်ဘေးလွတ်

0 25
0 25

ဝေါ၊ ဇန်နဝါရီ ၈၊ ၂၀၂၆။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရန်ကုန်- မော်လမြိုင်ပြည်ထောင်စုလမ်းမှာ ကုန်တင်ယာဥ်ကို အိမ်စီးယာဥ်က အနောက်ကဝင်တိုက်ခဲ့တာကြောင့် ၃ ဦးသေဆုံးခဲ့ပြီး အသက် ၁၀ နှစ်ကလေး ၁ ဦးသာ အသက်ရှင်ကျန်ရစ်တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေထံက သိရပါတယ်။

ဇန်နဝါရီ ၇ ရက် ယမန်နေ့ည ၁၁ နာရီကျော်မှာ ကားလမ်းမိုင်တိုင်အမှတ် ၆/၄ အနီးမှာ စက်ချို့ယွင်းတာကြောင့် ဝေါမြို့ဘက်ကို ဦးတည်ရပ်ထားတဲ့ ၂၂ ဘီးကုန်တင်ယာဥ်ကို လားရာတူကနေ မောင်းနှင်လာတဲ့ ပရိုဘောက်ယာဥ်က အနောက်ကဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

” ပရိုဘောက်က နောက်ကနေဝင်တိုက်တာ။ ကုန်တင်ယာဥ်ဖင်ကို ဝင်တိုက်တာ။ ကားပေါ်မှာတော့ လူ ၄ ဦးပါတယ်”လို့ အခင်းဖြစ်စဥ်ကိုကူညီဆောင်ရွက်ပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ပရိုဘောက်ယာဥ်ပေါ်ပါ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့၊ ချမ်းမြေ့သာ ၁ လမ်းနေသူတွေဖြစ်တဲ့ အသက် ၄၃ နှစ် ကိုဇေယျာလင်း၊ ဇနီးဖြစ်သူ မတင်တင်လှိုင်နဲ့ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးတို့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ်ပရိုဘောက်ယာဥ်ပေါ်ပါတဲ့ ကိုဇေယျာလင်းရဲ့သမီးဖြစ်သူ အသက် ၁၀ နှစ်အရွယ် မိန်းကလေးမှာ ဘယ်ဘက်နားထင်ပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ ရင်ဘတ်အောင့်ဒဏ်ရာတွေရရှိခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေရှိတာကြောင့် ဝေါမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသပေးထားရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက်ကလည်း ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးကားဘီးပေါက်ပြီး တိမ်းမှောက်လို့ ကားပေါ်ပါသူ ၇ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။