စစ်ကောင်စီက ၁၀၀ နီးပါးဖျက်ဆီးပြီး လုပ်သား ၇၀ ကျော်ဖမ်းဆီးထား

0 1
0 1

စစ်ကိုင်း၊ မေ ၂၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီး အင်းကောင်းရွာဟောင်းနဲ့ တင်းတိန်ယံရွာဟောင်းနေရာတွေက ရွှေဖောင် ၁၀၀ နီးပါးကို စစ်ကောင်စီတပ်သားတွေက ဖျက်ဆီးကာ လုပ်သား ၇၀ ကျော်ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

မေလ ၂၄ ရက်ကစတင်ပြီး ကန့်ဘလူမြို့နယ်ဘက်ကထွက်လာတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၃၆၁နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းမှ အင်အား ၂၀၀ ကျော်ဟာ မေလ ၂၈ ရက်နေ့ထိ ရွှေဖောင်တွေကို ဖျက်ဆီးပြီး လုပ်သားတွေကိုလိုက်ဖမ်းနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီနေရာတွေကတော့ တရားမဝင် ရွှေလုပ်ကွက်လို့တော့ ပြောလို့ရတယ်။ ဒီကာလထဲမှာ လူတွေက စားဝတ်နေရေး ကျပ်တည်းလာတော့ ဒီဆည်အနီးဝန်းကျင်မှာ ရွှေလုပ်လာတာ။ ဦးရေလည်း တိုးလာပါတယ်။ ရွှေဖောင်တွေကို ၂၄ ရက်ကနေ ဒီနေ့ထိဖျက်ဆီးနေတယ်ဗျ။ သူတို့လိုချင်တဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း ကားတွေနဲ့သယ်နေတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ခုလို ရွှေဖောင်တွေကိုလာဖျက်တာဟာ တရားမဝင်ရွှေလုပ်ကွက်လို့ အကြောင်းပြ ဖျက်ဆီးချင်တာ၊ ရွှေမျောဖောင်တွေကနေ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကို ထောက်ပံ့ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖျက်ဆီးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“စကစ ဘက်ကတော့ မေလ ၂၈ ရက်နေ့ထိ ရှိနေတယ်။ ပြန်မထွက်သေးဘူး။ ရွှေဖောင်တွေကို ဖျက်ဆီးနေတာကတော့ များနေပြီး။ လူတွေဖမ်းဆီးတာလည်း များနေပြီလို့ သိရတယ်။ စကစ ဝင်လာပြီး ခုလိုလုပ်တာကို သတင်းကြားတဲ့ အခြားသူတွေလည်း ထွက်ပြေးတာလည်းရှိတယ်”လို့ ဒေသခံ တဦးကပြောပါတယ်။

ရွှေဖောင်တွေကို ဖျက်စီးပြီးနောက် တန်ဖိုးရှိပစ္စည်းတွေအပါအဝင် ရွှေလုပ်ကွက်အတွင်း တွေ့ရတဲ့ ဆိုင်ကယ်၊ စက်ပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ ကားတွေနဲ့သယ်ယူနေပြီး အချို့ကို မီးရှို့ ဖျက်စီးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေဖောင်လုပ်သား ၂ ဦးကို စစ်ကောင်စီဘက်က ပစ်သတ်လိုက်တယ်လို့ သတင်းတွေ ထွက်နေပေမယ့် မြေလတ်အသံက အတည်မပြုနိုင်သေးပါဘူး။

သဖန်းဆိပ်ဆည်အနီးရှိ ရွှေလုပ်ကွက်မှ ရွှေဖောင် ၁ ခုရဲ့ ကာလပေါက်ဈေးမှာ မြန်မာငွေ ကျပ်သိန်း ၄၀၀ ဝန်းကျင်ရှိတာကြောင့် စစ်ကောင်စီဘက်က ခုလိုဖျက်စီးနေတဲ့အတွက် ကျပ်သိန်းပေါင်း သောင်းချီ ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။

သဖန်းဆိပ်ဆည်အနီးက ရွှေလုပ်ကွက်တွေမှာ စစ်တပ်အာဏာမသိမ်းခင်က ရွှေဖောင် ၂၀၀ ကျော်လောက် သာရှိခဲ့ပြီး လက်ရှိအချိန်မှာ ၅၀၀ ခန့်ထိ ရှိလာတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။