ငလျင်ကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းနေရာတချို့ ပျက်စီးခဲ့ပြီး လတ်တလောအသုံးပြုမရ

0 18
0 18

တံတားဦး၊ မတ် ၂၈၊ ၂၀၂၅ ။

ငလျင်လှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းနေရာတချို့မှာ ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပြီး လမ်းပျက်စီးမှုတွေကြောင့် လတ်တလောကားတွေသွားလာလို့မရဘူးလို့ ခရီးသွားတွေထံက သိရပါတယ်။

ယနေ့ မတ် ၂၈ ရက် နေ့လယ် ၁ နာရီခန့်မှာ လှုပ်ခတ်တဲ့ အင်အား ၇.၇၆ ရစ်ချက်စတာ စကေးရှိ အင်အားပြင်းငလျင်ကြောင့် အမြန်လမ်းမိုင်တိုင် ၃၆၂ အနီးမှာ ကားလမ်းအက်ကွဲတာ၊ ပြတ်ကျတာနဲ့ လှိုင်းတွန့်ပုံစံခုံးထွက်လာတာတွေ ဖြစ်ပေါ်ခဲ့တာအပြင် အမြန်လမ်းရဲ့နောက်ထပ်နေရာ ၁၀ ခုထက်မနည်းမှာ ပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

” ပထမ ရုတ်တရက်ဆိုတော့ ကားဘီးကွဲတာထင်တာ။ နောက်မှ ငလျင်လှုပ်တာသိရပြီး ကားပါရပ်လိုက်ရတာ။ လမ်းပိုင်းမှာ အပျက်အစီးအများကြီးတွေ့ရတယ်” လို့ အမြန်လမ်းအသုံးပြုနေတဲ့ ခရီးသွားတဦးက မြေလတ်အသံကို ပြောပါတယ်။

လတ်တလောမှာ လမ်းပိုင်းနေရာတချို့ ပျက်စီးနေတာကြောင့် ကားတွေသွားလာလို့မရဘဲ ရပ်တန့်ထားရပြီး ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်မြို့တွေအပါအဝင် နေရာအများအပြားမှာ အဆောက်အဦတွေပြိုကျတဲ့အထိ ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ကာ လက်ရှိမှာ ဒေသအလိုက်လူမှုကူညီရေးအသင်းအဖွဲ့တွေက ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – Ashin Kavi Nanda Facebook.

သတင်း – ကျော်ကြီး၊ စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။