ပြစ်မှုကျူးလွန်ထားတဲ့ PDF ခေါင်းဆောင်နဲ့ နောက်လိုက် ၇ ဦး စကစထံ ထွက်ပြေး၊ ကျပ်သိန်းထောင်ချီ ခိုးယူသွား

0 0
0 0

မကွေး၊ မေ ၂၇၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်တဦးဟာ ကျူးလွန်ထားတဲ့ အပြစ်တွေ ကို တာဝန်ယူ မဖြေရှင်းနိုင်တာကြောင့် နောက်လိုက် ၇ ဦးနဲ့အတူ တပ်ဖွဲ့ဆီက သေနတ်နဲ့ ကျပ်သိန်း ထောင် ချီယူကာ စစ်ကောင်စီထံ ထွက်ပြေးသွားတယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေလ ၂၆ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပခုက္ကူမြို့နယ်ကိုယ်စားပြု ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Defense Team Pakokku အဖွဲ့ခေါင်းဆောင် အောင်သူ(ခ) Snake ဟာ တော်လှန်ရေး အစောပိုင်းကာလတွေမှာ တော်လှန်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့သော်လည်း ရန်ပုံငွေရှားပါးတာကို အကြောင်းပြုပြီး စစ်ကောင်စီနဲ့ ဆက်နွယ်တယ်လို့ ယူဆတဲ့သူတွေထံက ဖမ်းဆီးငွေတောင်းခြင်း၊ ပြန်ပေးဆွဲခြင်းတွေ ပြုလုပ်ခဲ့ကြောင်း၊ ဒီလိုပြုလုပ်ခြင်းဟာ အမျိုသားညီညွတ်ရေး အစိုးရရဲ့ မူဝါတွေနဲ့ မကိုက်ညီသလို စစ်သည်တော်ကျင့်ဝတ်တွေနဲ့လည်း ညီညွတ်မှုမရှိတာကြောင့် မြို့နယ်ပကဖနဲ့ တော်လှန်ရေးအင်အားစုတွေက ၎င်းကို သတိပေးခြင်းနဲ့ ဖြေရှင်းချက်တောင်းခံတာတွေ ပြုလုပ်တဲ့အခါမှာ တာဝန်ယူဖြေရှင်းတာတွေ မလုပ်ဘဲ အခုလို စစ်ကောင်စီထံ ထွက်ပြေးသွားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Defense Team Pakokku မှ အောင်သူဟာ မေလ ၂၅ ရက်မှာ သူ့ရဲ့ နောက်လိုက် ၃ ဦးနဲ့အတူ မောင်းပြန်သေနတ် ၂ လက်၊ ငွေကျပ်သိန်း ၄၀၀ ကို ယူဆောင်သွားခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ အောင်သူ(ခ) Snake ရဲ့ စည်းရုံးခြင်းခံထားရတဲ့ Earthquake Defense Force က အာကာစိုးမြင့်၊ ဝင်းမင်းအောင်၊ မြတ်မင်း၊ သက်နိုင်ဦး စတဲ့ ၄ ဦးဟာလည်း တပ်ဖွဲ့မှ မောင်းပြန်သေနတ် ၂ လက်နဲ့ ကျပ်သိန်း ၂၀၀၀ ခန့်ကို ယူဆောင်ကာ စစ်ကောင်စီထံ ထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။

” E.D.Fက ၄ယောက်က Missionလုပ်မယ်ဆိုပြီးတော့ မနက်ပိုင်းမှာ မြို့မြောက်ဘက် အင်ပင်ဂိတ်အတိုင်း ထွက်ပြေးသွားတာပါဗျ။ D.T.Pက ၃ယောက်ကတော့ ညပိုင်းမှာ ထပ်မံသွားတာ။ သူတို့ အကုန်လုံးက လက်ရှိမှာ တပ်မ (၁၀၁) ဝန်းကျင်မှာ ရှိနေမယ်လို့ ယူဆရပါတယ်” လို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

အထက်ပါ စစ်ကောင်စီထံ လက်နက်နဲ့ ငွေကြေးတွေကို ယူဆောင်ကာ ထွက်ပြေးသွားသူတွေကို အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပြီး ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ အခြေစိုက်တဲ့ ပကဖတပ်ရင်းတွေ၊ PDF တပ်ရင်းတွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေအနေနဲ့ မိမိတို့အခြေစိုက်ရာ စခန်းတွေရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြား နိုင်တာကြောင့် လိုအပ်တဲ့ပြင်ဆင်မှုတွေကို ပြုလုပ်ပြီး အမြန်ဆုံးရှောင်ရှားကြရန် သတင်းထုတ်ပြန်ခဲ့ပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။