27 July 2026 2:25 PM

ကောလင်းမှာ ကျေးရွာ ပကဖ ရဲဘော်အပါ အမျိုးသား ၅ ဦးအသတ်ခံရ

0 1
0 1

စစ်ကိုင်း၊ မေ ၂၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းမှာ ကျေးရွာ ပကဖ ရဲဘော် ၁ ဦးအပါအဝင် အမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်သားတွေက မေလ ၂၃ ရက်မှာ သတ်ခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရသူတွေဟာ ကြေးအင်းကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော် နေဆန်းအောင် ၂၂ နှစ်၊ ကျောက်ကာရွာသား ဆေးဆရာ ဦးသိန်းအေး ၄၄ နှစ်၊ မောင်းကော်ရွာသား မင်းလှိုင်၊ ကျော်မင်းသိန်းနဲ့ ကန့်ဘလူနယ်ကနေ လာရောက်စစ်ရှောင်နေတဲ့ ကိုဖိုးဝ တို့ဖြစ်ကြတယ်လို့ ကောလင်း PDF မှ ရဲဘော်တဦးက ပြောပါတယ်။

“ကျေးရွာပကဖရဲဘော်က လွယ်မောက်တောင်ရွာအနီးက တိုက်ပွဲမှာအဖမ်းခံရတာ၊ ဆေးဆရာကိုတော့ သဲကောရွာကဖမ်းပြီး လွယ်မောက်ရွာအရောက်မှာ သတ်ပြီးတော့ အိမ်သာကျင်းထဲ ထည့်ထားခဲ့တာ။ မောင်းကော်က ၂ ယောက်ကတော့ ကိုယ့်ရွာထဲမှာ အသတ်ခံရတာ။ နောက်တယောက်ကတော့ ကန့်ဘလူနယ်က စစ်ရှောင်နေတာ။ သူက အောက်သီတရာရွာအထွက်မှာ နွားကျောင်းနေချိန် စကစတွေနဲ့တွေ့လို့ ပစ်သတ်ခံရတာ”လို့ ဆိုပါတယ်။

အလောင်းတွေကို မေလ ၂၄ ရက်နေ့ တနေ့တည်းမှာ တွေ့ရှိခဲ့ပြီး အဲ့ဒီနေ့မှာတင် သင်္ဂြို​​ဟ်ပေးလိုက်တယ်လို့ အထက်ပါရဲဘော်က ဆက်ပြောပါတယ်။

ကောလင်းမြို့ပေါ်ကနေ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ မေလ ၂၁ ရက်မှာ ကြာအင်းနဲ့ သဒွတ်ခုံကျေးရွာ၊ ၂၂ ရက်မှာ သဲကောကျေးရွာ၊ ၂၃ ရက်မှာ လွယ်မောက်တောင်ကျေးရွာတို့ကို ဝင်ရောက်မွှေနှောက်ခဲ့ပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အဲဒီစစ်ကြောင်းဟာ လွယ်မောက်ကျေးရွာထဲ တညအိပ်ပြီး ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဆိုင်ကယ် ၁၀ စီးကို မီးရှို့ခဲ့ကာ မေလ ၂၄ ရက်မှာတော့ ကျွန်းတောကျေးရွာ အရှေ့ဘက်လယ်ကွင်းအထိ စစ်ကြောင်းထိုးပြီး ကောလင်းမြို့ပေါ်ကို နောက်ကြောင်းပြန်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

အလားတူ ကိုးတောင်ဘို့ ယာယီစခန်းကနေ အင်အား ၇၀ ကျော်ပါတဲ့ နောက်ထပ်စစ်ကြောင်းတခုဟာလည်း မေလ ၂၂ ရက်က အောက်သီတရာကျေးရွာအရှေ့ဘက် ဘုရား ၂ ဆူတောင်၊ ၂၃ ရက်မှာ အောက်သီတရာ၊ ယားတောင်နဲ့ မောင်းကော်ကျေးရွာတို့ကို ဝင်ရောက်မွှေနှောက်ပြီး အပြန်မှာလည်း ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတကြိမ် ထပ်ဖြစ်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။