တိုက်ခိုက်မှုတွေအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇ ဦးနဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်း
ကောလင်း၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းရှိ သစ်ဖုလတောင် စစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်ခဲ့ပြီး စစ်ကူလာတဲ့စစ်ကြောင်းကိုဖြတ်တိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။
ဒီဇင်ဘာ ၁၈ ရက်ညပိုင်းကတည်းက သစ်ဖုလစခန်းကို တော်လှန်ရေးတပ်တွေသွားရောက် တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်မှာ စစ်ကော်မရှင်တပ်တွေစခန်းစွန့်ထွက်ပြေးသွားပြီးနောက်ဒီဇင်ဘာ ၂၀ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒါ့အပြင် ၁၉ ရက်ညမှာလည်း ဝန်းသိုမြို့ ခမရ ၁၂၀ ကနေ စစ်ကူထွက်လာတဲ့စစ်ကြောင်းက ဝန်းသိုမြို့နယ်၊ အာမခံရွာကိုမီးဝင်ရှို့ပြီးနောက် ညောင်ပင်သာရွာကိုဝင်ခဲ့ကာ ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းမှာအဲ့ဒီရွာမှာထပ်မံတိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။
ဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၇ ဦးကိုအရှင်ဖမ်းမိကာ သေနတ် ၁၀ လက်နဲ့ စစ်အသုံးအဆောင်တချို့ကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ အဲဒီတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
“ညဘက်ကို ဝင်အောင်းတာ။အဲ့ဒီမှာ စစ်တပ်က တော်တော်ထိတယ်။အရှင်ဖမ်းမိတာတွေ ရော၊ အသေတွေရော ရတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။
ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မနက်မှာတော့ တော်လှန်ရေးတပ်တွေက သစ်ဖုလစခန်းကို နယ်မြေရှင်းလင်းရေးပြုလုပ်ချိန်မှာလည်း နောက်ထပ်အလောင်းတွေထပ်မံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
“သူတို့က(စကမ)က သစ်ဖုလက လူတွေနဲ့လည်း အဆက်အသွယ်ပျက်ကုန်တယ်ထင်ပါတယ်။ သူတို့လည်းရွာထဲက နေထွက်ပြေးတယ်။ သစ်ဖုလကပြေးတဲ့သူတွေလည်း ဘယ်ရောက်ကုန်လဲမသိသေးဘူး”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒ့ါအပြင် ဒီကနေ့အထိ ဝန်းသိုမြို့နယ်နဲ့ ကောလင်းမြို့နယ်အစပ်မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး မနေ့ညနေပိုင်းက ဝန်းသို ခမရ ၁၁၁ နဲ့ ၁၂၀ ကို ရဟတ်ယာဉ်နဲ့ အင်အား၊ ရိက္ခာတွေဖြည့်ထားတယ်လို့လည်း သိရပါတယ်။
သတင်း – မြတ်