31 July 2026 5:53 AM

မြင်းမူမြို့ပေါ်မှာ PDF ကို ငွေနဲ့မြှူဆွယ်ပြီးအလင်းဝင်ဖို့ ဗီနိုင်းတွေလိုက်ကပ်၊ အရှုံးကိုဝန်ခံရာကျဟု PDF တုံ့ပြန်

0 1
0 1

စစ်ကိုင်း၊ မေ ၁၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်မှာ စစ်အုပ်စုက PDF တွေ အလင်းဝင်ဖို့နဲ့ လက်နက်တွေယူဆောင်လာရင် ပါလာတဲ့ လက်နက်၊ ခဲယမ်းအမျိုးအစားအလိုက် ငွေပေးမယ်လို့ ရေးသားထားတဲ့ ဝါဒဖြန့်ဗီနိုင်းတွေ လိုက်ကပ်နေတယ်လို့ သိရပါတယ်။

မြင်းမူမြို့၊ လူစည်ကားရာ မြို့မဈေးအနီးက သစ်ပင်တွေမှာ မေလ ၁၅ ရက် မနေ့မနက်ပိုင်းက အဲ့ဒီဝါဒဖြန့်ဗီနိုင်းတွေ လိုက်ကပ်နေပေမယ့် လူစိတ်ဝင်စားမှုမရှိဘူးလို့ မြို့ခံတဦးကပြောပါတယ်။

“ဝါဒဖြန့်ဗီနိုင်းကို စျေးတောင်ဘက်က ကုက္ကိုပင်တွေမှာ လာကပ်သွားတာ။ PDF တွေကို ငွေနဲ့မြှူဆွယ်နေတာ။ ဘယ်သူမှစိတ်မဝင်စားလို့ မြင်တဲ့သူတိုင်းကတော့ ဦးနှောက်ထဲတောင် ထည့်တဲ့ပုံမပေါ်ဘူး”လို့ ပြောပါတယ်။

မြင်းမူမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေနဲ့ မုံရွာ-မန္တလေးလမ်းပိုင်းမှာ သွားလာနေတဲ့ စစ်ယာဉ်တန်းတွေ မကြာခဏမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံနေရကာ ဒီအခြေအနေတွေကို မထိန်းချုပ်နိုင်လို့ အခုလိုလုပ်ဆောင်တာလို့ PDF တာဝန်ခံတဦးက တုန့်ပြန်ပြောဆိုပါတယ်။

“စစ်ကိုင်းတိုင်းကို သူတို့(စကစ) မစိုးမိုးနိုင်လို့၊ ကာကွယ်ရေးရဲဘော်တွေကို ရှုံးနေပြီဆိုတာသူတို့သိလို့၊ ဒီအကြောင်းတွေကို ပြည်သူတွေကနေတဆင့် ကျနော်တို့ဆီရောက်အောင်ပို့ခိုင်းပြီး သူတို့(စကစ) ညံ့တာကို ဝန်ခံသလိုပဲလို့ ကျနော်တို့မှတ်ယူပါတယ်” လို့ မြင်းမူအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။

စစ်ကောင်စီတပ်က ကပ်ထားတဲ့ဗီနိုင်းတွေမှာ PDF တွေလက်နက်နဲ့အလင်းဝင်ပါက ရိုင်ဖယ်တလက် ကျပ် သိန်း ၅၀၊ ပစ္စတိုတလက်ကျပ်သိန်း ၂၀၊ ပြောင်းချောသေနတ်တလက် ကျပ်သိန်း ၃၀၊ စိန်ပြောင်း/ လောင်ချာ၊ RPG တလက် ကျပ်သိန်း ၇၅ သိန်း၊ လက်လုပ်သေနတ်တလက် ကျပ် ၅ သိန်း၊ လက်လုပ် မိုင်း၊လက်ပစ်ဗုံးကျပ် ၃ သိန်း၊ စကားပြောစက်(Icon)တလုံးကျပ် ၂ သိန်းနဲ့ Drone တစီး ကျပ်သိန်း ၅၀ ပေးမယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုဘက်က ရေဦးကနေ မန္တလေးကိုသွားတဲ့ ခရီးသည်တင်ကားပေါ်တွေမှာလည်း အလားတူဝါဒဖြန့်ရေးသားထားတဲ့ လက်ကမ်းစာရွက်တွေကို ယာဉ်ပေါ်ပါခရီးသည်တွေဆီ ဖြန့်ဝေတာတွေ လုပ်ဆောင်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။

PDF တွေကို ငွေနဲ့စည်းရုံးတဲ့ အဲ့ဒီဝါဒဖြန့်မှုတွေကို မေလ ၉ ရက်နေ့ကစတင်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး မီဒီယာတွေကနေတဆင့် ထုတ်ပြန်လာတာဖြစ်ပြီး လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာပါ အခုလိုဗီနိုင်းတွေ လိုက်ကပ်နေတာပါ။

စစ်ကိုင်းတိုင်းဟာ မြို့တော်မုံရွာမြို့အပါအဝင် နယ်မြေဒေသအများအပြားကို စစ်ကောင်စီဘက်က ထိန်းချုပ်ဖို့ခက်ခဲနေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကဘဲ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့တာချီလိတ်မြို့ခရီးစဉ်အတွင်းမှာ PDF ကို အပြတ်ရှင်းမယ်လို့ ပြောဆိုထားပါသေးတယ်။

စာတည်း- ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။