စဉ့်ကူးက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

0 1
0 1

စဉ့်ကူး၊ မေ ၁၁၊ ၂၀၂၃။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ သာယာဝတီကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူး မေလ ၁၀ ရက်၊ နေ့လည် ၃ နာရီအချိန်လောက်မှာ သေနတ်ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး သေဆုံးသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရသူတွေဟာ သာယာဝတီကျေးရွာနေ အသက် ၅၃ နှစ်အရွယ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်လင်းနဲ့ မြစိမ်းကျေးရွာနေ အသက် ၂၆ နှစ်အရွယ် ဆယ်အိမ်မှူး ကိုမောင်စိုး တို့ဖြစ်ကြပြီး ဦးကျော်လင်း နေအိမ်အတွင်းရှိနေချိန် သေနတ်ကိုင်ဆောင်ထားတဲ့လူတစုက ဆိုင်ကယ်နဲ့ရောက်လာပြီး ပစ်ခတ်ခဲ့တာလို့ ဒေသခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

” သူတို့က စကစတွေနဲ့ပေါင်းနေတာ ကြာပြီဗျ။ အုပ်ကြီးအိမ်ကို မောင်စိုးကအလည်ရောက်နေတာလို့သိရတယ်။ သူတို့ကို စကစတွေကပဲ ရာထူးတွေအပ်ထားတာ။ လာပစ်တာက PDF တွေလို့တော့ ပြောကြတယ်။ ပြီးတော့ စကစတွေကို လိုက်ပို့နေတဲ့ အုပ်ကြီးရဲ့စပီးဘုတ်တစီးကို ဖောက်ခွဲခဲ့သေးတယ်” လို့ ပြောပါတယ်။

ပစ်ခတ်ခံရတာကြောင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်လင်းမှာ နေရာမှာတင် သေဆုံးခဲ့ပြီး ဆယ်အိမ်မှူး မောင်စိုးမှာ ပေါင်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဦးကျော်လင်း အသတ်ခံရပြီးတဲ့နောက် သာယာဝတီကျေးရွာနဲ့ကပ်လျက်ရှိ စစ်ကောင်စီတပ်စွဲနေတဲ့ ထုံးကြီး(ပျူ)ရွာစခန်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ၁၅မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်တာမျိုးမရှိသေးဘဲ စဉ့်ကူးမြို့နယ်ပကဖခေါင်းဆောင်ကို မြေလတ်အသံက ဖုန်းနဲ့ဆက်သွယ်ခဲ့ရာမှာ တိုက်ပွဲဖြစ်မယ့် အခြေအနေရှိနေတာကြောင့် ဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ပြောဆိုပါတယ်။

မေလ ၄ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်အစပ် ခုနှစ်တဲစုကျေးရွာအနီးတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို PDF တွေဘက်က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။

စာတည်း-ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။