လှေခွင်းတောင် အပန်းဖြေစခန်းအနီး ပေါင်းလောင်းမြစ်အတွင်း လူငယ် ၂ ဦး ရေနစ်သေဆုံး

0 1
0 1

မြေလတ်အသံ၊ မေ ၇၊ ၂၀၂၃။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်အုပ်စုရှိ လှေခွင်းတောင် အပန်းဖြေစခန်းအနီး ပေါင်းလောင်းမြစ်အတွင်းမှာ မေလ ၆ ရက်မနေ့ညနေပိုင်းက လူငယ် ၂ ဦး ရေနစ်သေဆုံးသွားတယ်လို့ သိရပါတယ်။

လှေခွင်းတောင် ကမ်းခြေအပန်းဖြေစခန်း၊ ပေါင်းလောင်းစားသောက်ဆိုင်အနီး သာယာဝှမ်း ကျေးရွာဘက်ခြမ်း၊ ပေါင်းလောင်းမြစ်အတွင်းမှာ လူငယ်အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးဟာ သူငယ်ချင်းတွေနဲ့အတူ ရေကူးနေချိန် ရေနစ်သေဆုံးခဲ့တာလို့ ဒေသလူမှုကူညီရေးအသင်းဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

“သူတို့ ၂ ယောက်က အခြားသူငယ်ချင်းတွေနဲ့အတူ ရေဆော့နေတာဘဲ။ အခြားအပန်းဖြေလာ သူတွေလည်း ရေကစားနေကြသူတွေ အများသားဘဲ။ အဲဒီမှာမှ သူတို့က ရေနက်တဲ့နေရာရောက်ပြီး နစ်သွားတာ။ တနာရီလောက်အကြာရှာဖွေပြီးမှအလောင်းပြန်ရတာ” လို့ ပြောပါတယ်။

ရေနစ်သေဆုံးသွားသူတွေဟာ ၁၆ နှစ်အရွယ် အမျိုးသားနဲ့ ၁၈ နှစ်အရွယ်အမျိုးသမီးတို့ဖြစ်ပြီး ပျဉ်းမနားနဲ့ ပုပ္ပသီရိမြို့တွေမှာ နေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။

လူငယ် ၂ ဦးရေနစ်တာကို ဒေသခံတွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေက ဝိုင်းဝန်းရှာဖွေ ကယ်ဆယ်ခဲ့ကြ ပေမယ့် သေဆုံးနေတဲ့အလောင်းကိုသာ ပြန်ရခဲ့ကာ ရုပ်အလောင်းတွေကို ဒေသခံနာရေးကူညီမှုအသင်း ကားနဲ့ နေပြည်တော်ကုတင် – ၁၀၀၀ဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

လှေခွင်းတောင်အပန်းဖြေစခန်းဟာ နေပြည်တော်အတွင်း မြို့နယ်တွေအပါအဝင် နေပြည်တော်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်းအတွင်း မြို့နယ်တွေက အများဆုံး လာရောက်အပန်းဖြေ ရေလာကူးကြပြီး အခြားဒေသတွေက လာရောက်သူတွေလည်းရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ဇမ္ဗူသီရိမြို့နယ်မှာ နေထိုင်သူ အသက် ၂၈ နှစ်အရွယ် အမျိုးသား ၁ ဦး ပေါင်းလောင်းမြစ်အတွင်း ရေနစ်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။